Monthly Archives: May 2009

ကဗျာ

sun

ဓနုတ်စေတီ ပြိုသည့် သတင်း မဖော်ပြရန် ညွှန်ကြားထား


မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၃၁ရက်၊ ၂၀၀၉

မေလ ၃၀ရက် စနေနေ့ မွန်းလွဲပိုင်းတွင်ပြိုကျခဲ့သည့် ဓနုတ်စေတီနှင့် ပတ်သက်သည့် မည်သည့် သတင်းမှ ဖေါ်ပြခြင်း မပြုရန် စာပေစိစစ်ရေးက သတင်းဂျာနယ်တိုက်များသို့ အသိပေးထားသည်ဟု ရန်ကုန်မြို့မီဒီယာ အသိုင်းအ၀ိုင်းထံမှ သိရသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင်လည်း ဖေါ်ပြသည်ကို မတွေ့ရှိရဘဲ၊ ဘရာဇီးလ် နိုင်ငံတွင် တာတမံ ကျိုးပေါက်ပြီး လူ၎ ယောက်သေဆုံးသည့် သတင်းနှင့် နိုင်ဂျီးရီးယားနိုင်ငံတွင် လေယာဉ်ပျက်ကျပြီး လူ ၂ ဦး သေဆုံးသည် ဆိုသည့် နိုင်ငံတကာ သတင်းမျိုးကိုသာ ဖေါ်ပြထားသည်။

ယခုကဲ့သို့သော သဘာဝ ဘေးအန္တရာယ်နှင့် မတော်တဆ ဖြစ်ပွားမှု သတင်းမျိုးကို နအဖ စစ်အစိုးရ၏ ဆင်ဆာအဖွဲ့က မည်သည့်အတွက်ကြောင့် ဖေါ်ပြခွင့် မပြုသည်ကို မြန်မာနိုင်ငံမှ ပြည်သူများ အနေဖြင့် နားမလည်နိုင်ကြသော်လည်း အချို့သော မီဒီယာ သမားများ၏ ပြောဆိုချက်အရ သဘာဝ ဘေးအန္တရာယ်နှင့် မတော်တဆ ဖြစ်ပွားမှုများကို ကိုင်တွယ် ဖြေရှင်းသည့် အခါ နောက်ကျပြီး မထိရောက်သည့် ကယ်ဆယ်ရေး လုပ်ကိုင်ခြင်းများနှင့် ထိုသို့ လုပ်ကိုင်ရာတွင် လွဲမှားသည့် စီမံခန့်ခွဲမှုများကြောင့် အသက်မသေသင့်ဘဲ သေဆုံးရသည် အဖြစ်တို့ ပေါ်လွင်လာမည့် အရေးကို စိုးရိမ်၍ ဖြစ်နိုင်သည်ဟု သိရသည်။

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်ကိုယ်တိုင် ထီးတင်ထားသောစေတီ ပြိုကျသည့် အတွက် နအဖအတွက် နိမိတ်မကောင်း ဆိုသည့် လူထု ထင်မြင်ချက် ပြန့်နှံ့မည်ကို စိုးရိမ်သည့် အတွက် သတင်း မီဒီယာများတွင် မဖေါ်ပြရန် တားမြစ်ခြင်းလည်း ဖြစ်နိုင်သည် ဟု မီဒီယာလောကတွင် ဝေဘန် ကောက်ချက်ချလျက် ရှိသည်။


Today Daw Su ‘s response

ppp

N L D ၇ဲ့ ဒီနေ့ကြေငြာချက်

ကဗျာ

အဲဒိဗိုင်းရပ်စ်တွေကို ပြောပြလိုက်ပါ

ငါတို့မနက်ဖြန်ကို

(သူတို့)သိုဝှက်ပစ်လိုက်ကြတယ်..

မြို့ကြီးမှာ တိတ်ဆိတ်နေပေမယ့်

အတွင်းဘက်မှာ ပွက်လောညံလို့..

ပါးစပ်တွေ ပိတ်ထားရပေမယ့်

လက်သီးတွေ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ကြ…

အကြောင်းမဲ့ အာဃာတ တရားတွေနဲ့

မိုက်ရူးရဲနေတဲ့ ကောင်တွေ

ကိုယ့်လိပ်ပြာကိုယ် မလုံစွာနဲ့

စည်းတွေ အထပ်ထပ် ခြားနားထားကြရဲ့..

ငါတို့ ပြက်ရယ်ပြုလိုက်ကြတယ်..

ပြီးတော့ မျက်ကွယ်ပြုလိုက်ကြတယ်

အဲ့ဒိတံတိုင်းတွေက..

ငါတို့ ခြေလှမ်းတွေကို မဆုတ်တွန့်သွား စေဘူး..

(၀မ်းနည်းပါတယ်….)

ဒါဟာ မင်းတို့ ထင်သလို ဇာတ်သိမ်းခန်း မဟုတ်သေးဘူး

အခုမှ… ငါတို့ အာသီသတွေ ပိုပြီး နီစွေးလာတယ်

အခုမှ.. ငါတို့ ပို နိုးကြားလာကြတယ်..

အခုမှ.. ငါတို့တွေ အင်အားဖြစ်လာကြတယ်..

ညက မှောင်ပိန်းနေတာတောင်

ငါတို့ ခရီးဆက်ရဲကြပြီ…

ငါတို့အတွက် အလင်းတွေ ပြန်ရရှိဖို့

နီးကပ်လာပြီမှန်း ငါတို့ သိလိုက်ကြပြီ

ပြတင်းတံခါးတိုင်းဆီမှာ.. ငါတို့ခွန်အားတွေ အပြည့် ရှိလာခဲ့ကြပြီ

ငါတို့ ညှပ်ဖိနပ်သံတွေဟာ…

မင်းတို့ ရှူးဖိနပ်သံတွေကို ဖုံးလွှမ်းသွားကြတော့မယ်..

ခွေးလေခွေးလွင့်တွေရေ..

ဒါမှမဟုတ် ရူးနှမ်းနေတဲ့… သေချင်းဆိုး ဗိုင်းရပ်စ်တွေရေ..

ငါတို့ .. မင်းတို့ဆီ.. ရဲရဲကြီး လျှောက်လာခဲ့ပါပြီ….။

မင်းရဲသွေး

Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)

hi bro & sis

Please see the one more photo of our spray actions.
Action in this photo was taken near The Embassy of Japan
in Yangon.

For further more information, Please visit our blog pages
http://www.generation-wave.co.cc/

တော်လှန်ရေးမောင်နှမများခင်ဗျား

ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ

မေလ ၁၈ရက် ၂၀၀၉ ခုနှစ်တွင် ရန်ကုန်မြို့ ဘောက်ထော်မြို့နယ် မှတ်တမ်းရုံး
အနီးရှိ နေရာများ၊ဘောလုံးကွင်းအနီးနှင့်ဂျပန်သံရုံးအနီးတို့တွင်
ဒေါ်အောင်ဆန်းစုကြည်အားချက်ချင်းလွှတ်ပေးရန်
ဆေးမှုတ်၍တောင်းဆိုသည့်လှုပ်ရှားမှုများပြုလုပ်ခဲ့ပါသည်။
ပြည်သူများနှင့်လူငယ်ထုမှလည်း နအဖစစ်အုပ်စုက
ဒေါ်အောင်ဆန်းစုကြည်အား မတရားထောင်ချရန်
လုပ်ကြံဇာတ်ခင်း၍ကြိုးစားနေခြင်းကို တတ်နိုင်သည့်နည်းလမ်းများဖြင့်
ကန့်ကွက်ရှုတ်ချသွားကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

Dear Every One

On May 18th, Generation Wave did a graffiti and spray paint action for the release of Daw Aung San Suu Kyi.
Actions happened at key crowded places in Yangon, Burma: near the Japanese Embassy in Bahan township,
near Military Documentation Office, and at the Football Stadium of (Bauk Htaw) Yankin Township.
We also want to encourage people and especially youth of Burma to do all they can to take actions
for the release of Daw Aung San Suu Kyi


regards

moethway
Generation Wave
http://www.generation-wave.co.cc/

Free Daw Su 8.jpg Free Daw Su 8.jpg
234K   View Download

စစ်အစိုးရကို အငြိမ်းစား စစ်မှုထမ်းဟောင်းများက ဝေဖန်ပြောဆို

ကြည်ဝေ

Wednesday, 20 May 2009 13:47
E-mail Print

ဒေါ်အောင်ဆန်း စုကြည်ကို စစ်အစိုးရက မတရား အမှုဆင်ကာ တရားစွဲဆိုခြင်း ဖြစ်ပြီး ၎င်း လုပ်ရပ်ကြောင့် မြန်မာ့တပ်မတော်၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိပါးညစ်နွမ်း စေကြောင်း အငြိမ်းစား စစ်မှုထမ်းဟောင်း တချို့က ဝေဖန်ပြောဆို နေကြသည်။

အသက် ၆၆ နှစ် အရွယ်၊ ပင်စင်စား ဒု ၀န်ကြီးဟောင်း (အငြိမ်းစား စစ်မှုထမ်းဟောင်း) တဦးက “ရှက်စရာ ကောင်းလိုက်တဲ့ အဖြစ်၊ အခုလို လုပ်တာ လူတွေ ဘယ်လောက်တောင် အကြည်ညို မဲ့မလဲ။ ဒါအမှားကြီး တခုပဲ ဆိုတာတောင်  မစဉ်းစားနိုင်ဘူး”ဟု စိတ်ပျက်ဟန်နှင့် မျက်နှာကို မဲ့ကာ ရေရွတ်သည်။

သူကဲ့သို့ပင် အစိုးရ အမှုထမ်းများ၊ ပင်စင်စား များသာမက စစ်မှုထမ်းဟောင်း အတော်များများကလည်း စစ်အစိုးရအပေါ်တွင် ယုံကြည်မှု မရှိတော့ကြောင်း ပြောပြသည်။

“တပ်မတော်သား ဘ၀တလျှောက်လုံးမှာ ပြည်သူတွေ ချစ်တာကိုပဲ လိုချင်ခဲ့တယ်။ ခုတော့ လူတွေက စစ်သားဆိုရင် ရွံမုန်းကြီး ဖြစ်နေကြပြီ။ ဒါဟာ နောင်လာ နောက်သားတွေ အတွက် မကောင်းသလို၊ တိုင်းပြည် အတွက်လည်း မကောင်းပါဘူး” ဟု သူကဆိုသည်။

သူသည် စစ်အစိုးရ လက်ထက်မှာပင် ဒု ဗိုလ်မှူးကြီးဘ၀နှင့် တပ်မှထွက်ခဲ့ရပြီး ဗိုလ်ချုပ်အောင်ဆန်းကိုလည်း ကြည်ညို ချစ်ခင်ခဲ့သလို၊ သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်ကိုလည်း စိတ်တွင်းမှ ကြည်ညိုစိတ်ဝင်ခဲ့သူ တဦးဖြစ်သည်ဟု ပြောပြသည်။

“ကျနော် စစ်တပ်ထဲဝင်ခဲ့တာ ဗိုလ်အောင်ဆန်းကို သဘောကျလွန်းလို့ အားကျလွန်းလို့ ၀င်ခဲ့တာပဲ။ ဒါပေမယ် တပ်မတော်က ကျနော်ငယ်ငယ်က ထင်ထားခဲ့သလို မဟုတ်တော့ဘူး။ ခုတော့ တရားဥပဒေကလည်း မခိုင်မာတော့ ပိုဆိုးနေမှာ အမှန်ပဲ” ဟု သူက လက်ရှိ တပ်မတော်နှင့် ပတ်သက်ပြီး ညည်းညူသည်။

မေလ ၁၉ ရက်နေ့၊ အစိုးရထုတ် မြန်မာ့အလင်း၊ ကြေးမုံစသည့် သတင်းစာတို့၏ နောက်ကျောဘက် စာမျက်နှာတွင် အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းမမတို့အား အမှုဖွင့်စစ်ဆေးကြားနာ ဆိုသည့် ခေါင်းကြီးနှင့် ရေးသားထားသည့် အမှုအကြောင်းကို ဖတ်ကာ သူ စိတ်ထိခိုက်သွားခဲ့ရသည်ဟု ပြောသည်။

ဂျွန် ၀ီလျံ ယက်ထောသည် အင်းလျား ကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ရေကူး၍ သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာ နေထိုင်ခဲ့ပြီး မေလ ၆ ရက်နေ့တွင် အင်းလျားကန် အတွင်း၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်ကို ဖတ်ရှုမိကတည်းက အစိုးရ အနေနှင့် နောက်ထပ် အမှားကြီးကြီး တခုကို ထပ်မံကျူးလွန်မိပြီ ဖြစ်ကြောင်း သူက ဝေဖန်သည်။

“အထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ခြေချုပ်ဥပဒေ ချိုးဖောက်တယ်လို့ ပြောတာကစ သဘာဝ မကျဘူး။ တော်တော် များများကလည်း ဒီသတင်းကို သတင်းစာမှာ ဖတ်ရကတည်းက အမှုဆင်တာပဲလို့ ပြောကြတယ်။ ခုလည်း ဇွတ်အတင်း စီရင်ချက်ချတော့မယ် ဆိုတာကို ဒီသတင်းဖတ်ကြည့်ရုံနဲ့ သိရတယ်” ဟု သူက ဆိုသည်။

မေလ ၁၉ ရက်နေ့ထုတ် သတင်းစာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ကျူးလွန်သူ တဦးဖြစ်စေရန် ပုံဖော်ရေးသား ထားသည်ကို တွေ့ရကြောင်းသူက ပြောသည်။

တချိန်က တပ်မတော်တွင် ဒု ဗိုလ်မှူးကြီး အဆင့်ထိသာမက ဒု ၀န်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင် ခဲ့ဖူးသော သူသည် လက်ရှိ အခြေအနေတွင် ပင်စင်စား ဘ၀နှင့် ရှိနေပြီး ဘီဘီစီ၊ ဗီအိုအေ၊ ဒီဗီဘီ ရေဒီယိုများ နားထောင်လေ့ ရှိသော ပြည်သူတဦး ဖြစ်လျှက်ရှိသည်ကို တွေ့ရသည်။

သူသည် ၁၉၉၆ ခုနှစ် လှည်းတန်း အရေးအခင်း၊ ဒီပဲယင်း လုပ်ကြံမှုနှင့် ၂၀၀၈ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး တို့အပေါ် စစ်အစိုးရ၏ ဆောင်ရွက် ချက်များနှင့် ပတ်သက်ပြီး ရှုတ်ချခဲ့သူဖြစ်သည်။

သူ့လိုပင် ၀န်ကြီးဌာန တခုတွင် ညွှန်ကြားရေးမှူး ရာထူးအထိ တာဝန် ထမ်းဆောင်ခဲ့ဖူးသော အငြိမ်းစား ဗိုလ်မှူးကြီး တဦးကလည်း “ဒေါ်အောင်ဆန်း စုကြည်ကို ပြန်မလွှတ်ချင်လို့ ခုလိုလုပ်တာ၊ ဒါက အောက်တန်းကျတဲ့ နည်းပဲ။ ကမ္ဘာက အထင်မကြီးတဲ့ စစ်ခေါင်းဆောင်တွေကို ပိုပြီး အမြင်ဆိုးသွားစေတာပေါ့” ဟု လက်ရှိ စစ်အစိုးရကို ဝေဖန်သည်။

ထင်ရှားသည့် ၀ါရင့် သတင်းစာဆရာကြီး တဦးကလည်း ဒေါ်အောင်ဆန်း စုကြည်ကို ဆက်လက် ထိန်းသိမ်းထား ချင်သည့်အတွက် ယခုလို လုပ်နေခြင်း ဖြစ်ကြောင်း၊ ထိုသို့ လုပ်နေခြင်းအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲမှာလည်း တရားမျှတမှု မရှိနိုင် ဆိုသည်ကို ပြသနေကြောင်း ပြောဆိုသည်။

“နိုင်ငံခြားသား တယောက် ခြံထဲ ဝင်တာကို အကြောင်းပြပြီးတော့ တရားစွဲတယ်။ တရားခွင်ကလည်း တရားမျှတမှု မရှိနိုင်ဘူး။ ဘယ်သူ့ကိုမှလည်း ၀င်ခွင့်ပေးမှာ မဟုတ်ဘူး၊ တရားလိုပြ သက်သေ တွေကအစ သူတို့ တမင်လုပ်ကြံ ဖန်တီးဦးမှာပဲ ဆိုတာ ထင်ရှားတယ်”ဟု အဆိုပါ သတင်းစာ ဆရာကြီးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်စေလိုသည့် အတွက် ယခုကဲ့သို့ အကွက်ဆင်ကာ ဖမ်းဆီးပြီး ထောင်ချရန် ကြံစည်ခြင်း ဖြစ်ကြောင်း အသက် ၇၀ ၀န်းကျင်အရွယ် နိုင်ငံရေးသမားကြီးတဦးက ဝေဖန်သည်။

“တပ်မတော်က ခုထက်ပိုပြီးတော့ အရုပ်ဆိုးစရာလည်း မရှိတော့ဘူး” ဟု သူက ဆိုသည်။

ဝ တပ်မတော်က စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အဆိုပြုချက်ကို ပယ်ချ

Print E-mail
ဆော်လမွန်
စနေနေ့၊ မေလ 23 2009 13:02 – မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။     ။ စစ်အစိုးရနှင့် အပစ်အခတ် ရပ်ထားပြီး မြန်မာနိုင်ငံ၏ အင်အား အတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဝပြည် သွေးစည်းရေး တပ်မတော်သည် စစ်အစိုးရက အကြံပြုထားသည့်အတိုင်း ပြုပြင်ပြောင်းလဲရေး မလုတ်ဘဲ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ပြောသည်။

မေလ ၁၉ ရက်နေ့က ကျင်းပခဲ့သော အစည်းအဝေးတွင် မိမိတို့၏ တပ်ဖွဲ့ကို မိမိတို့၏ ကွပ်ကဲမှုအောက်၌ပင် ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့သည်ဟူ၍ သတင်းဌာနများကို ဖြေကြားရန် အဖွဲ့က ခွင့်ပြုထားခြင်း မရှိသဖြင့် အမည်မဖော်လိုသည့် UWSA အရာရှိတဦးက မဇ္ဈိမကို ယနေ့က ပြောဆိုခြင်း ဖြစ်သည်။

“ဒါ ကျနော်တို့အတွက် မဖြစ်နိုင်လို့ ကျနော်တို့တပ်ကို စစ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ထားရှိရေးကို ခွင့်မပြုနိုင်ပါဘူး။ အဖွဲ့ဝင်အားလုံးက ဒီအကြံကို ပယ်ချခဲ့ပါတယ်” ဟု ထိုအရာရှိက ပြောသည်။

ဤဆုံးဖြတ်ချက်သည် မြန်မာစစ်အစိုးရက UWSA အပါအဝင် အခြားအပစ်ရပ် လက်နက်ကိုင်အဖွဲ့များကို ၎င်းတို့စစ်တပ်၏ အုပ်ချုပ်မှုအောက်သို့ လွှဲပြောင်းပေးရန် ဧပြီလနှောင်းပိုင်းက အဆိုပြုခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရ၏ စစ်ဘက်ရေးရာ လုံခြုံရေးဌာန အကြီးအကဲ ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် UWSA ကိုယ်စားလှယ်အဖွဲ့ကို ရှမ်းပြည်နယ်အရှေ့ပိုင်း တန့်ယန်းမြို့တွင် ဧပြီလ ၂၈ ရက်နေ့က တွေ့ဆုံခဲ့သည်။ သူသည် အခြား လက်နက်ကိုင်အဖွဲ့များဖြစ်သော ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း SSA-N၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) တို့နှင့်လည်း အလားတူ တွေ့ဆုံခဲ့သည်။

အလားတူ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းကလည်း ကချင်လွတ်လပ်ရေးအဖွဲ့၊ တပ်မတော် (KIO/A) နှင့် ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) တို့ကို မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် တွေ့ဆုံခဲ့သည်။

အဆိုပါ အစည်းအဝေးများအတွင်း စစ်အစိုးရအရာရှိများက အပစ်ရပ်အဖွဲ့များကို ‘နယ်ခြားစောင့်တပ်’ အဖြစ် အသွင်ပြောင်းလဲရန်နှင့် တပ်၏ အုပ်ချုပ်မှုကို တပ်မတော်သို့ လွှဲပြောင်းပေးရန် အဆိုပြုခဲ့သည်။ စစ်အစိုးရ၏ အဆိုပါ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး လမ်းညွှန်မှုများအရ တပ်ဖွဲ့ဝင်အင်အားကို တပ်ရင်းတရင်းလျှင် ၃၂၆ ဦး အထိ လျှော့ချရမည်ဖြစ်ပြီး ယင်းအရေအတွက်ထဲတွင် မြန်မာစစ်သား ၃ဝ ပါဝင်ရမည်ဖြစ်သည်။

ယင်းအဆိုပြုချက်သည် ယခင်ကောလာဟလ ဖြစ်ပွားနေသည့် အပစ်ရပ်အဖွဲ့များကို လက်နက်ဖြုတ်မည် ဆိုသည့်ကိစ္စနှင့်စာလျှင် ပျော့ပျောင်းလာသည့် သဘောရှိသည်။ UWSA ကမူ သူတို့အနေနှင့် ဤအဆိုပြုချက်ကို လက်မခံနိုင်ကြောင်းနှင့် သူတို့အနေနှင့် မိမိတို့၏ စစ်တပ်ကို မိမိတို့ပင် ဆက်လက်အုပ်ချုပ်စီမံ ခန့်ခွဲသွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

သူတို့အနေနှင့် စစ်အစိုးရထံ တရားဝင်ပြန်ကြားမှု မလုပ်ရသေးကြောင်းနှင့် မကြာမီ သူတို့ကို အသိပေး အကြောင်းကြားသွားမည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောသည်။

“ကျနော်တို့ ဆုံးဖြတ်ချက်ကို ဖော်ပြထားတဲ့ တရားဝင် အကြောင်းကြားစာ တစောင်ကို သူတို့ (စစ်အစိုးရ) ဆီပေးပို့ဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်” ဟု သူက ပြောသည်။

အဖွဲ့၏ အမည်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ သူတို့အနေနှင့် ဘာမှ ပြဿနာမရှိသော်လည်း တပ်၏ ဖွဲ့စည်းပုံ ပြောင်းလဲရေးမှာမူ မဖြစ်နိုင်ကြောင်းနှင့် ယင်းသို့ ပြုလုပ်ခြင်းသည် အဓိပ္ပာယ်ကင်းမဲ့သည်ကို ဆယ်စုနှစ်ပေါင်းများစွာ သက်သေပြခဲ့ပြီးဖြစ်ကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောကြားသည်။

UWSA သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်ရပ်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး မကြာသေးမီ နှစ်များအတွင်း လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန် စစ်အစိုးရ၏ ဖိအားပေးခြင်းကို တိုးမြှင့်၍ ခံလာနေရသည်။

“ကျနော်တို့ရဲ့ အခုလို ဆုံးဖြတ်ချက်အပြီးမှာ စစ်အစိုးရဆီက ဖိအားတွေပိုရလာမယ်လို့ ကျနော်တို့ မျှော်လင့်နေပါတယ်။ ဘယ်သူမှ စစ်မတိုက်ချင်ပါဘူး။ ကျနော်တို့ကြားက ကွဲလွဲချက်တွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ထိုအရာရှိက ပြောသည်။

ထိုအတောအတွင်း နောက်ထပ် အဓိက အပစ်ရပ်အဖွဲ့တခုဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကလည်း သူတို့အချင်းချင်းကြားတွင် ဤကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ယင်းတို့ အဖွဲ့ထိန်းချုပ်ထားရာ တရုတ်-မြန်မာ နယ်စပ်မြို့ လိုင်ဇာတွင်လည်း မေလ ၁၁ မှ ၁၄ ရက်နေ့အထိ လူထုနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်းနှင့် စစ်အစိုးရနှင့်လည်း မေလ ၂၀-၂၁ ရက်နေ့များတွင် ထပ်မံတွေ့ဆုံခဲ့ပြီးသော်လည်း စစ်အစိုးရ၏ အဆိုပြုချက်နှင့် ပတ်သက်၍ မဆုံးဖြတ်ရသေးကြောင်း ပြောသည်။

စစ်အစိုးရ၏ အဆိုပြုချက်ဖြစ်သော ယင်းတို့၏ တပ်များ အသွင်ပြောင်းရေးကို အပစ်ရပ်အဖွဲ့အများစုက ပယ်ချဖွယ်ရှိကြောင်း တရုတ်-မြန်မာ အခြေစိုက် လေ့လာသုံးသပ်သူ ဦးအောင်ကျော်ဇောက ပြောသည်။

“ဒါ သူတို့အတွက် လက်မခံနိုင်လို့ UWSA က ပယ်ချတာ။ တခြား အဖွဲ့တွေလည်း ဒီလိုပဲ။ ဒါပေမယ့် တချို့အဖွဲ့တွေကတော့ လက်ခံကောင်း လက်ခံပါလိမ့်မယ်” ဟု သူက ပြောသည်။

“စစ်အစိုးရက ဒီငြိမ်းအဖွဲ့အများစုက သူတို့ အဆိုပြုချက်ကို ပယ်ချမယ်ဆိုတာ သိပြီးသား။ ဒါပေမယ့် တဖွဲ့တလေများ လက်ခံမလားလို့ ကံစမ်းကြည့်တဲ့ သဘောပဲ” ဟု သူက ဆက်ပြောသည်။

စစ်အစိုးရ၏ အမိန့်အတိုင်း နီးကပ်စွာ လိုက်လုပ်နေသော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ခွဲထွက်အဖွဲ့တခုဖြစ်သော ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) ကဲ့သို့သော အဖွဲ့များကမူ ဤအဆိုပြုချက်ကို လက်ခံကောင်း လက်ခံလိမ့်မည်ဟု သူက ဆိုသည်။

ဤသို့ လက်နက်ကိုင် အဖွဲ့များအပေါ် စစ်အစိုးရ၏ ဖိအားများ တိုးမြင့်လားနေသော်လည်း ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို အာရုံစိုက် လုပ်ဆောင်နေရသဖြင့် ရန်လိုတိုက်ခိုက်မှု အသစ်များ ထွက်ပေါ်လာဖွယ်တော့ မရှိပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ ခုနှစ်အတွက် မဟတ္တမ ဂန္ဒီဆု ရွေးချယ်

သောကြာနေ့၊ မေလ 22 2009 22:10 – မြန်မာစံတော်ချိန်

တောင်အာဖရိက အခြေစိုက် ဂန္ဒီဖွံ့ဖြိုးမှု ရန်ပုံငွေ အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ ခုနှစ်အတွက် မဟတ္တမ ဂန္ဒီ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် ပြန်လည် ရင်ကြားစေ့ရေးဆု အတွက် ရွေးချယ်လိုက်သည်။

နိုင်ငံရေး အကျပ်အတည်းတွေကို အကြမ်းမဖက် အနုနည်းနှင့် ဖြေရှင်းဖို့ ကြိုးစားသူတွေကို ပေးအပ်တာဖြစ်တဲ့ ဒီဆုကို တောင်အာဖရိက ဂန္ဒီဖွံ့ဖြိုးမှု ရန်ပုံငွေ အဖွဲ့က ချီးမြှင့်လိုက်ခြင်း ဖြစ်သည်။

ယင်းဆုကို မဟတ္တမ ဂန္ဒီ တောင်အာဖရိကတွင် ထုတ်ဝေသည့် Indian Opinion သတင်းစာ နှစ် ၁၀၀ ပြည့်သည့် အထိမ်းအမှတ် အဖြစ် ၂၀၀၃ ခုနှစ်မှ စတင်ပေးအပ်ခြင်း ဖြစ်သည်။
——————————

———————-

ကင်ဒေးဂျုံက ဒေါ်စုအတွက် ဒေါ်လာ ၁ သောင်း လှူဒါန်း

သောကြာနေ့၊ မေလ 22 2009 20:50 – မြန်မာစံတော်ချိန်

တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံက ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး လှုပ်ရှားမှုများကို အထောက်အကူပြု သုံးစွဲနိုင်ရန်အတွက် ယနေ့တွင် မြန်မာ အတိုက်အခံများသို့ ဒေါ်လာငွေ တသောင်း လှူဒါန်းလိုက်သည်။

ပြည်ပရောက် မြန်မာ လွှတ်တော်အမတ်များနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ကိုယ်စားလှယ်များအား ဆိုးလ်မြို့ရှိ သူ၏ နေအိမ်သို့ ဖိတ်ခေါ်ကာ လှူဒါန်းငွေကို ပေးအပ်လိုက်ခြင်း ဖြစ်ကြောင်း ကိုရီးယားတိုင်းမ် သတင်းစာကြီး၏ အင်တာနက် ဝဘ်ဆိုဒ်တွင် ရေးသားထားသည်။
—————————————————-

ယနေ့ အင်းစိန်ထောင် အနီးတဝိုက် မြင်ကွင်းများ။

—————————————————-

ကြားနာထိုက်သော အမှုအဖြစ် တရားရုံးဆုံးဖြတ်

သောကြာနေ့၊ မေလ 22 2009 19:50 – မြန်မာစံတော်ချိန်

နေအိမ် အကျယ်ချုပ် ကာလအတွင်း စည်းကမ်း ချိုးဖောက်သည်ဆိုသော ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲကာ အပြစ်ပေးပါရန် စစ်အစိုးရက အင်းစိန်ထောင်အတွင်း အထူးတရားရုံးသို့ ဦးတိုက် လျှောက်ထားချက်ကို လက်ခံစစ်ဆေးရန် တရားရုံးက ယနေ့ ဆုံးဖြတ်လိုက်သည်

ယနေ့ ညနေ ၄ နာရီ၄၅ မိနစ်တွင် တရားရုံးကို ၄၅ မိနစ်ကြာ ရပ်နားပြီး နှစ်ဦးပါ တရားသူကြီးအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့တွင် သက်သေ နှစ်ဦးကို စစ်ဆေးခဲ့ပြီး နောက်တခါ ရုံးချိန်းကို တင်္နလာနေ့သို့ ချိန်းဆိုလိုက်သည်။
—————————————————-

ယနေ့ ရုံးချိန်းပြီးဆုံး

သောကြာနေ့၊ မေလ 22 2009 18:30 – မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ အင်းစိန် အကျဉ်းထောင်မှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။ ငါးရက်မြောက်ဖြစ်သည့် ယနေ့တွင်လည်း တရားခွင် ကြားနာချိန် အစပိုင်းရက်များကထက် ပိုမို ကြာမြင့်ခဲ့သည်။
—————————————————-

တရားခွင်ကို ကန့်ကွက်ကြောင်း ဧရာဝတီတိုင်းလူငယ်များ ပြော

သောကြာနေ့၊ မေလ 22 2009 18:15 – မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်းရှိ သူ၏ပါတီဝင် လူငယ်များက “တရားခွင်သည် အများပြည်သူ ရှေ့မှောက်ပြုလုပ်သော လွတ်လပ်သည့် တရားခွင် မဟုတ်သဖြင့်” ဆိုကာ ကန့်ကွက်ကြောင်း ပြောဆိုလိုက်သည်။

ဧရာဝတီတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့၏ လှုပ်ရှားမှု တခုဖြစ်သည့် ယနေ့ ကြေညာချက် ထုတ်ပြန်မှုတွင် “အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အရေးပါသူ” ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း တောင်းဆိုထားသည်။
—————————————————-

ဒေါ်နော်အုန်းလှနှင့် မေးမြန်းချက်

သောကြာနေ့၊ မေလ 22 2009 15:40 – မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်ကို အခိုင်အမာ ထောက်ခံသူတဦးဖြစ်သူ ဒေါ်နော်အုန်းလှသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်းတွင် ရွှေတိဂုံဘုရားတတ် ဝတ်ပြု ဆုတောင်းသည့်အဖွဲ့ကို ဦးဆောင်လေ့ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် တရားခွင် ကြားနာသည့် နေ့စဉ်လိုပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပယ်ထားခြင်းခံရသူ ဒေါ်နော်အုန်းလှသည်လည်း သွားရောက်ကာ ထောက်ခံမှုကို ပြသနေသူ ဖြစ်သည်။

သူက ယခုအမှုနှင့် ပတ်သက်၍ သတင်းစာ လွတ်လပ်ခွင့် မရသည်ကို အဓိကထား၍ မဇ္ဈိမသို့ ပြောကြားသွားသည်။

“ဒီလို တရားစွဲတယ် ဆိုကတည်းက မတရားတဲ့ ကိစ္စပဲလေ။ ပြောရရင်တော့ ပြောစရာတော့ ရှိပါတယ်။ ဒီလို ဖြစ်လာတာက သူတို့ တာဝန် ပျက်ကွက်တဲ့အတွက် ဖြစ်ရတယ်လို့ ထင်တယ်။ သူတို့ ရေးတာက သူတို့ ရေးတာပဲလေ။ ကျမတို့ အမြင်ကတော့ သူတို့ လုပ်တာပဲ မြင်တယ်။ သတင်းစာတို့၊ ဂျာနယ်တို့ ဆိုတာက သူတို့ ပေါ်လစီတွေ၊ သူတို့လုပ်တဲ့ ဟာတွေ ရေးရတယ်ဆိုတော့ အစိုးရအာဘော်ပဲ ရေးတာပဲလေ။ စာပေ လွတ်လပ်မှုမှ မရှိတာရယ်၊ သတင်းပုံစံလည်း မကျဘူး။ သတင်းထောက်တွေက ရေးချင်ရာ ရေးလို့မှ မရဘဲ။ စာပေစိစစ်ရေးကနေ သွားရတဲ့အတွက် စာပေစိစစ်ရေးက မကျေနပ်ရင် ပယ်တယ်လေ။”

“အခုဆိုရင် ဒေါ်စု ကိစ္စနဲ့ ပတ်သက်ပြီး အားလုံးက ယုံကြည်တာက အစိုးရက လုပ်တယ်လို့ ဒီလိုပဲ ယုံကြည်နေကြတယ်။ အခုလို နိုင်ငံခြားသားတွေ ပေးတွေ့တဲ့ဟာက ဘာလဲဆိုတော့ ကမ္ဘာက ဖိအားပေးနေတဲ့ ကိစ္စတွေ လျော့ပါးအောင် လုပ်တာ ဖြစ်တယ်လို့ ပြည်သူတရပ်လုံးက ယုံကြည်တယ်။”

“လာတဲ့ လူတွေ အားလုံး အကုန်လုံး မိုးတွေ စိုရွှဲနေတယ်။ မိုးရွာထဲမှာ အခု လက်ရှိ ရှိနေတာက ၃၀၀ နဲ့ ၄၀၀ ကြားတော့ ရှိတယ်။”

YELLOW BREEZE

အင်းစိန်ထောင်ရှေ့ ဆန္ဒဖော်ထုတ်ပွဲ (ဦးဝင်းတင်နှင့် အင်တာဗျူး)

Print E-mail
ကိုဝိုင်း
ကြာသပတေးနေ့၊ မေလ 21 2009 13:49 – မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။     ။ ဒေါ်အောင်ဆန်းစုကြည်အား တရားစီရင်နေသည့် အချိန်ကာလတွင် အင်းစိန်ထောင်ရှေ့ သွားရောက် စုရုံးနေသူများသည် ဆန္ဒပြနေခြင်း မဟုတ်ဘဲ ‘ဆန္ဒဖော်ထုတ်နေခြင်း’ သာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောသည်။

လက်ရှိပြုလုပ်နေသော တရားခွင်နှင့်ပတ်သက်၍ သူ့အမြင်ကို  ဦးဝင်းတင်က မဇ္ဈိမသတင်းထောက် ကိုဝိုင်းသို့ ဖြေကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အများပြည်သူရှေ့မှာ တရားစီရင်တာ မဟုတ်ဘဲနဲ့ အခုလိုမျိုး တံခါးပိတ် စီရင်နေတဲ့ကိစ္စအပေါ်မှာ ဘယ်လိုမြင်ပါသလဲ ခင်ဗျာ။

တရားစီရင်တဲ့အခါမှာ တစ်က ဒါတွေက ဘာမှ မဆန်းသလိုဖြစ်နေတယ်။ ကျနော်နေခဲ့တဲ့ နှစ်ပေါင်း ၄ဝ လောက်အတွင်းမှာ မဆလခေတ် တခေတ်လုံးကလည်း အလားတူပဲဗျနော်။ အများပြည်သူရဲ့ ရှေ့မှောက်မှာ တရားစီရင်တာမဟုတ်ဘဲနဲ့ သူတို့ရဲ့ တံခါးပိတ် တရားစီရင်ရေး ပုံစံနဲ့ပဲ အများကြီး ကျနော် ကြုံခဲ့ဖူးတော့ ကျနော့်အဖို့ကတော့ မဆန်းသလိုပဲလို့ ပြောလို့ရတယ်ဗျာ။

သို့သော်လည်း ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး၊ သို့မဟုတ်ရင်လည်း ဒီမိုကရေစီလို့ ကြွေးကြော်နေတဲ့ ခေတ်ကာလမျိုး၊ နောက်တခါ ပါတီအဖွဲ့အစည်း ဒီမိုကရေစီအဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်တယောက်ကို တရားစီရင်တဲ့ အခါမှာတော့ အများပြည်သူ နားထောင်သင့်တယ်လို့ ကျနော် ယူဆတယ်။

ဥပမာ – ဆိုပါတော့ သခင်စိုးအမှု တရားစီရင်တဲ့အခါမှာ လွတ်လပ်စွာ တရားစီရင်ခွင့်မရဘူး။ တံခါးပိတ်စီရင်တယ်။ အဲဒီလို စီရင်တဲ့အခါမှာ သူလည်း နိုင်ငံရေးသမားပဲ ဘာလို့ သူ့ကို တံခါးပိတ်စီရင်တာ မကန့်ကွက်ဘဲနဲ့ ဒေါ်စုကျမှ ဘာလို့ ကန့်ကွက်လဲ ပြောစရာ အခြေအနေကပေါ်လာတယ်။ သခင်စိုးကိုက နိုင်ငံရေးခေါင်းဆောင် တယောက်အနေနဲ့ တရားစီရင်တာ မဟုတ်ဘူးဗျ။ သူပုန်ခေါင်းဆောင် တယောက်အနေနဲ့ တရားစီရင်တာ။ ဒေါ်အောင်ဆန်းစုကြည်က သူပုန်ခေါင်းဆောင်မဟုတ်ဘူးဗျ။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်။

သခင်စိုးလက်ထက်မှာ တရားစီရင်တယ် ဆိုတာတောင်မှ သခင်စိုး တရားစီရင်ချက်တွေကို သတင်းစာမှာ ပုံမှန်ဖော်ပြတာ ရှိသေးတယ်ဗျ။ လူတွေလည်း သတ်မှတ်ထားတဲ့အတိုင်း ၁ဝ ယောက်၊ ၁၅ ယောက် တနေ့ကို စသည်ဖြင့် နားထောင်ခွင့် ရသေးတယ်ဗျ။ မီဒီယာလည်း အဲဒီမှာ သွားပြီး နားထောင်ခွင့်ရတယ်။

ကျနော်ပြောချင်တာက ခေတ်ကာလနဲ့ လုံးဝမကိုက်ညီဘူး။ ဒီလိုဟာမျိုးတွေ နှစ်ပေါင်း ၄ဝ လောက် တွေ့ခဲ့ဖူးတယ် ဆိုသော်ငြားလည်း၊ ဥပမာ – ထောက်လှမ်းရေးအမှုပေါ့ဗျာ။ တံခါးပိတ်ဆိုတာတောင် ဒေါ်အောင်ဆန်းစုကြည် အခုဖြစ်နေတာထက် ပိုပြီးတော့ အများကြီး လွတ်လပ်တယ်။ ငွေစက္ကူအမှုတွေ စစ်ဆေးတာတွေ ရှိတယ်။ ဒါကြောင့် ကျနော်တို့က လက်မခံနိုင်ဘူး။ ကန့်ကွက်နေတာ။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုမျိုး အများပြည်သူ ရှေ့မှောက်မှာ ရုံးထုတ်တာမလုပ်ဘဲနဲ့ သီးသန့် တံခါးပိတ် စစ်ဆေးတာဟာ အများပြည်သူရဲ့ မူလအခွင့်အရေးရယ်၊ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူအခွင့်အရေးရယ်တွေကို ချိုးဖောက်ခံရတယ်လို့ရော ယူဆပါသလားခင်ဗျာ။

ကျနော်က ယူဆပါတယ်။ ဘာလို့လဲဆိုတော့ လူတယောက်ဟာ တရားခွင်ကို သွားရတယ်ဆိုတာ သူ့ရဲ့ဘဝကို ချောက်ကမ်းပါးနား သွားနေရတာ။ သူ ချောက်ထဲကို လိမ့်ကြသွားမလား၊ ကမ်းပေါ်မှာပဲ တင်ကျန်နေမလား၊ မသိရတဲ့ အခြေအနေမျိုး။ အဲဒီ လူကို သူ့ရဲ့အမှုကို လွတ်လပ်စွာ တရားစီရင်ခြင်း၊ မှန်ကန်မျှတစွာ စီရင်ခြင်း မရှိရုံတင်မကဘူး၊ သူ့ တရားစီရင်ခြင်းကို အများပြည်သူ ကြားနာနိုင်ဖို့ ဥပဒေအရ အခွင့်အရေး ရှိပါရဲ့နဲ့ ခွင့်ပြုချက်မရဘူးဆိုတာက သူ့လူ့အခွင့်အရေး ချိုးဖောက်ခံရတာပဲလို့ ပြောနိုင်ပါတယ်။

အလားတူပဲ အများပြည်သူက ကြားနာခွင့်မရတာလည်း တရားခွင်မှာ အများပြည်သူရှေ့မှောက် ခံရမယ်လို့ ဥပဒေပြဋ္ဌာန်းချက် ရှိရဲ့သားနဲ့ နအဖ အစိုးရလက်ထက်မှာလည်း ဒီဥပဒေကို ဆက်လက်ပြဋ္ဌာန်းထားပါလျက်နဲ့ နားထောင်ခွင့်မရဘူး၊ လေ့လာခွင့် မရဘူး။ ဒါလည်း ချိုးဖောက်ခံရတာပဲ။

ဒေါ်စုကို ရုံးထုတ်နေတုန်း အန်အယ်ဒီအဖွဲ့ဝင်တွေ၊ အန်အယ်ဒီကို ထောက်ခံတဲ့လူတွေ၊ ဒီမိုကရေစီလိုလားသူတွေဟာ အင်းစိန်ထောင်ရှေ့နဲ့ အင်းစိန်မြို့နယ်အတွင်းမှာ စုဝေးနေကြတာ သတိထားမိပါတယ်။ ဒီကိစ္စအပေါ်မှာ ဘယ်လိုမြင်ပါသလဲ ခင်ဗျာ။

ကျနော် အဲဒီမှာ လူတွေနဲ့ စကားပြောဖြစ်တယ်။ သူတို့ရဲ့ အမြင်တွေ၊ သဘောထားတွေ၊ ခံစားချက်တွေကို သိရတာပေါ့။ ပြောချင်တာက ကျနော် အပါအဝင် အဲဒီရှေ့မှာ ရောက်လာပြီးတော့ စုရုံးနေတဲ့ လူတွေရဲ့ အခြေခံအမြင်ပေါ့ဗျာ။ အဲဒါနဲ့ ပတ်သက်ပြီး ကျနော် သူတို့ကိုလည်း ကိုယ်စားပြုပြီး ပြောနိုင်တယ်။ သူတို့ တဦးချင်းကလည်း ကျနော့်ကို ကိုယ်စားပြုပြီး ပြောနိုင်တယ်။ သူတို့ အချင်းချင်းလည်း ကိုယ်စားပြုပြီး ပြောနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းရဲ့ ရင်ထဲမှာ ရှိနေတာ။ ကျနော်တို့ ကြွေးကြော်သံတွေနဲ့ အော်ဟစ်နေတာ မဟုတ်ဘူး။ စာရွက်စာတမ်းတွေရေးပြီး ကမ်းလှမ်းနေတာ မဟုတ်တဲ့အတွက် တဦးချင်းကိစ္စက သဘောထား အသီးသီးကို မပြောနိုင်ပေမယ့် အားလုံးရဲ့ ရင်ထဲမှာ ရှိနေတဲ့ အမြင်၊ အယူအဆ၊ ခံစားချက်ကိုတော့ ပြောလို့ရတယ်လို့ ထင်တယ်။

ဘယ်လို လူမျိုးတွေ ရောက်လာပြီး၊ ဘာလာလုပ်နေကြတယ်ဆိုတာရော ပြောပြနိုင်မလား ခင်ဗျာ။

အဲဒီထဲမှာ အန်အယ်ဒီတွေ ပါတယ်။ တခြားသော ကျောင်းသား၊ လူငယ်တွေ ပါတယ်ဗျာ။ ရဟန်းသံဃာတွေ ပါတယ်ဗျာ။ လူမျိုးစုံပါတယ်။ ကလေးပါတယ်။ လူကြီးပါတယ်။ မိန်းမပါတယ်။ ယောက်ကျားပါတယ်ပေါ့ဗျာ။ ဒီလူတွေ အားလုံးရဲ့ ရင်ထဲမှာရှိတဲ့ဟာက ဘာလဲဆိုရင် တစ်က ကျနော်တို့ဟာ နတ်ကရာ ချီးမွမ်း လာပြီးထိုင်နေကြတာ မဟုတ်ဘူး။ ငေးမောပြီးတော့ ပွဲတော်တခု လာကြည့်နေတာ မဟုတ်ဘူး။ စတုဒိသာပွဲတခုလာပြီး စားသောက်နေတာ မဟုတ်ဘူး။ နောက်တခုက တချိန်တည်းမှာပဲ ကျနော်တို့ဟာ ဆန္ဒပြနေတာလည်း မဟုတ်ဘူး။ ဒါက အရေးကြီးတယ်။ ဆန္ဒပြချင်တဲ့လူကတော့ ပြမှာပဲ။ မပြဘူးလို့ မပြောနိုင်ဘူး။ ပြချင်တဲ့စိတ် မရှိဘူး၊ ရှိတယ်လည်း မပြောဘူး။

သို့သော် ပုံသဏ္ဍာန်အားဖြင့်၊ အမြင်အားဖြင့်ဆိုရင် ကျနော်တို့တတွေဟာ ငေးမောပြီးတော့ နေပူကျဲတဲမှာ ထိုင်စရာမရှိ၊ နေစရာမရှိ၊ စားစရာမရှိ၊ သောက်စရာမရှိ၊ အပေါ့အပါးသွားစရာမှ မရှိတဲ့ အနေအထားမျိုးမှာ နာရီပေါင်းများစွာ။ တချိန်တည်းမှာပဲ ကျနော်တို့က ဆူပူခြင်း၊ ဆန္ဒပြခြင်း၊ အော်ဟစ်ခြင်း၊ တောင်းဆိုခြင်း ဒါတွေ လုပ်နေတာလည်း မဟုတ်ဘူး။ အားလုံး တိတ်တိတ်ငြိမ်ငြိမ်ပဲ။ စကားတောင် အော်ကျယ်မပြောဘူး။

ဒါဆိုရင် ဘာလုပ်နေတာလဲလို့မေးရင် ကျနော်ကပြောမယ်၊ အကုန်လုံး ရင်ထဲမှာ နိုင်ငံရေးစိတ်တွေ၊ သဘောထားတွေ ရှိတယ်။ နိုင်ငံရေး ခံစားချက်တွေ ရှိတယ်။ အဲဒီဟာတွေနဲ့ သူတို့ လုပ်နေတာ။ နိုင်ငံရေး လုပ်နေတာပဲ။ ဆိုလိုတာကတော့ နိုင်ငံရေးကို ပုံသဏ္ဍာန်တမျိုးနဲ့ လုပ်နေတာ။ အဲဒါ ဘာလဲဆိုရင် ‘ကျနော်တို့ ဆန္ဒ ဖော်ထုတ်နေတာ’ လို့ ပြောချင်တယ်။ တဦးချင်း တဦးချင်း၊ လူတိုင်း လူတိုင်း – ဆန္ဒဖော်ထုတ်နေတာ။

‘ဆန္ဒ ဖော်ထုတ်နေတာ’ ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်း ထပ်ရှင်းပြပေးပါဦးခင်ဗျာ။

ကောင်းပြီ။ ဒါဖြင့် ဘာဆန္ဒတွေလဲလို့မေးရင် တစ်က ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်တယ်။ လူထုခေါင်းဆောင် ဖြစ်တယ်။ အဖွဲ့ချုပ်ခေါင်းဆောင် ဖြစ်တယ်။ ဒီမိုကရေစီခေါင်းဆောင် ဖြစ်တယ်။ ဒီလိုခေါင်းဆောင်မျိုး တယောက်ကို ဘယ်နေရာမှ တရားစီရင်နေမှန်းမသိ၊ လူတွေလည်း မဝင်ရ၊ ဒီအကြောင်းလည်း ဘာမှန်းမသိရ၊ ဆိုတဲ့ အနေအထားမျိုးနဲ့ လုပ်နေတာကို ကျနော်တို့ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေမလား။ မကြည့်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြည်ညိုတယ်၊ ထောက်ခံတယ်၊ တသားတည်းဖြစ်တယ်၊ တပေါင်းတစည်းတည်း ဖြစ်တယ်ဆိုတာကို ပြချင်တယ်။ အဲဒီဆန္ဒတွေ ရှိတယ်။ အဲဒီဆန္ဒတွေနဲ့ ထောင်ရှေ့မှာ လာပြီး ထိုင်နေကြတာ။

ဒုတိယအချက်က ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တရားစွဲတာနဲ့ပတ်သက်ပြီး ကျနော်က လုံးဝကို လက်မခံဘူး။ ဒီအမှုက အမှုဆင်တာ၊ ရမယ်ရှာပြီးတော့ ပုဒ်မတပ်တာ။

အမှုဆင်တာလို့ ဘယ်လို အခြေခံအကြောင်းတွေကြောင့် ပြောနိုင်တာလဲ ခင်ဗျာ။

အကွက်ဆင်တာ၊ ဘာလို့လဲဆိုတော့ ထင်ရှားတာ အချက် နှစ်ချက် ရှိတယ်။ တစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်ထားတာ ဒီလ ၂၇ ရက်ဆို လွတ်တော့မယ်။ လွတ်ခါနီးကျမှ ဒီကိစ္စပေါ်လာတယ်။ နောက် သူနဲ့ သက်ဆိုင်တယ်ဆိုတဲ့ လူက ဒုတိယ အကြိမ် ပြန်လာတာဗျ။ ဒီ ယက်တော ဆိုတဲ့လူက လွန်ခဲတဲ့နှစ်တုန်းက ရောက်ခဲ့ပြီးပြီ။ ရောက်ခဲ့တာကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကနေ ဒေါက်တာတင်မျိုးဝင်းကနေတဆင့် ပြည်ထဲရေးဌာနကို တိုင်ကြားပြီးပြီ၊ အသိပေးပြီးပြီ။ အဲဒီကြားထဲကနေ ဒီလူ ရောက်လာတယ်ဆိုတာ ဘယ်လို ရောက်လာတာလဲလို့။

ကျနော့်အတွေ့အကြုံ ပြောမယ်။ ကျနော့်အကြောင်း လေ့လာနေတဲ့လူက ကျနော် ထောင်ထဲမှာ ရှိနေတုန်း ဗမာပြည် လာဖူးတယ်ဗျ။ ဦးစိန်ဝင်းတို့၊ လူထုဒေါ်အမတို့၊ ဒဂုံတာရာတို့၊ ဦးမောင်မောင်ခင်တို့ စသည်ဖြင့် စာပေသမားတို့၊ သတင်းစာသမားတို့နဲ့ တွေ့တယ်။ အဲဒါကို အစိုးရက နည်းနည်းမှ မကြည်ဖြူဘူး၊ မှတ်ထားတယ်။ အဲဒါက ၅ နှစ်ကျော်ပြီ။ မကြာခင်တုန်းက ကျနော် လွတ်လာတော့ ကျနော့်ကို လာတွေ့ချင်တယ်။ ဗီဇာမရဘူး။ စဉ်းစားကြည့်ဗျာ။ ကျနော်က နိုင်ငံရေးအရ ကြီးကျယ်တဲ့ လူလည်း မဟုတ်ဘူး။ သာမန် သတင်းစာသမားတယောက်။

ကောင်းပြီ။ ယက်တောက ဘယ်လို ဗီဇာရလဲ။ တခါတုန်းက ဒေါ်စုအိမ်ထဲ အိမ်ထဲဝင်တယ်ဆိုတာလည်း သိပြီ။ ဒေါ်စုရဲ့ ညွှန်ကြားချက်အရ ဒေါက်တာတင်မျိုးဝင်းကလည်း ပြည်ထဲရေးဌာနကို အကြောင်းကြားပြီးပြီ။ အဲဒီလောက် အမှတ်အသားဖြစ်ပြီး မှတ်ထားတဲ့လူဟာ ဒီလိုအချိန်မှာ ဘာ့လို့ ဗီဇာရသလဲ၊ ဘာဖြစ်လို့ ဗီဇာပေးသလဲ။ နိုင်ငံခြားရေးဌာနတို့ ဘာတို့က ဒီလောက်ပဲ ပေါ့လျော့သလား။ ဒီလောက် လက်လွတ်စပယ် လုပ်သလားဆိုတာ မေးစရာတွေ ရှိလာတယ်။ မဟုတ်ဘူး၊ မပေါ့တန်ဘူး။ စည်းကမ်းတကျ အဖွဲ့အစည်း၊ ကမ္ဘာ့အဆင့်အတန်းမီ အဖွဲ့အစည်း၊ နိုင်ငံတကာနဲ့ ဆက်ဆံနေတဲ့ အဖွဲ့အစည်း ဝန်ကြီးဌာန ဖြစ်တယ်ဆိုရင်၊ အဲဒီလိုဆိုရင်တော့ ဒီ ဗီဇာ ပေးလိုက်ခြင်းဟာ လုပ်ကြံမှုရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒါ့ကြောင့် ကျနော်တို့ စိတ်ထဲမှာ ဒီဟာက လုပ်ကြံမှုကြီး။ အဲဒါကို ဒီအမှုကို ဖျက်သိမ်းပေးပါ။

နအဖက ဒေါ်အောင်ဆန်းစုကြည်ကို မဖြစ်မနေ ထောင်ချလိုက်မယ်ဆိုရင် အန်အယ်ဒီ၊ ဒီမိုကရေစီ အင်အားစုတွေအပါအဝင် မြန်မာနိုင်ငံရဲ့ အနေအထားက တစုံတရာ အပြောင်းအလဲ ဖြစ်သွားနိုင်မယ် ယူဆပါသလားခင်ဗျာ။

အဲဒီလိုဟာမျိုးကတော့ ပြောရတာတော့ ခက်တယ်။ တစ်က ကျနော်တို့က ဒီမိုကရေစီ အဖွဲ့အစည်းတရပ် ဖြစ်တယ်။ ဒီမိုကရေစီ အဖွဲ့အစည်းတရပ်ဟာ မှားယွင်းတဲ့ အခြေခံနဲ့ဖြစ်စေ၊ မှန်တဲ့အခြေခံမှာဖြစ်စေ တရားခွင် ရောက်တယ်။ တရားခွင်က လွတ်လပ်တဲ့ တရားခွင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အဲဒီလို အခြေခံမျိုးကနေ တရားစီရင်လိုက်တဲ့အပေါ်မှာ ကျနော်တို့ဟာ တစ် မမှန်ကန်တဲ့ တုံ့ပြန်မှုမျိုးနဲ့ တုံ့ပြန်ဖို့ဆိုတာ ကျနော်တို့ ဘာအကြောင်းမှ မရှိဘူး။ ဆိုလိုတာက တရားစီရင်ရေးကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ တရားစီရင်ရေးစနစ်နဲ့ သွားတယ်ဆိုရင် တစုံတရာသော အတိုင်းအတာအထိ လက်ခံရမယ်လို့ ကျနော်တို့ ယူဆတယ်။ တရားစီရင်ရေးကနေ ထွက်လာတဲ့ ရလဒ်တခုကို လက်လွတ်စပယ်နဲ့ ငြင်းပယ်ခြင်း၊ ငြင်းဆန်ခြင်း၊ မလုပ်ဘူးလို့ ပြောလို့ရတယ်။

ကျနော်တို့ဟာ အဖွဲ့အစည်းဖြစ်တဲ့အတွက် အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ သွားမှာပဲ။ သေချာတာကတော့ ပြစ်ဒဏ်ချလိုက်ပြီဆိုတာကို လက်ခံရသည့်တိုင် ဒီဟာကိုတော့ ဆက်ပြီးတော့ တရားဥပဒေ ရှုထောင့်က တိုက်သွားဦးမှာပဲ။ တရားဥပဒေ ရှုထောင့်က တိုက်လို့ မရဘူးဆိုရင်လည်း တုံ့ပြန်သင့် တုံ့ပြန်ထိုက်တဲ့ ပုံသဏ္ဍာန် တခုနဲ့တော့ တုံ့ပြန်မှာပဲလို့ ပြောလို့ရပါတယ်။ တရားစီရင်ရေးကနေ ထွက်လာတာတော့ မှန်တယ်။ တရားစီရင်ရေးအရလည်း ဆုံးခန်းတိုင် ရင်ဆိုင်သွားမယ်။ အဲဒီကြားထဲကနေ တရားမျှတမှန်ကန်တဲ့ တရားစီရင်ရေး မဟုတ်ဘူးဆိုရင် ဆန့်ကျင်တဲ့အရာ တစုံတရာတော့ ပေါ်လာမှာပဲ။ အများနဲ့လုပ်တာလေ။ တယောက်ကတော့ ငုံ့ခံချင် ငုံ့ခံနေမယ်၊ အများကတော့ ငုံ့ခံမနေဘူး။ သည်းခံခြင်း ရှိမယ်၊ ငုံ့ခံခြင်းမရှိဘူး။

နအဖ ထဲက အပြစ်ရှိတဲ့ စစ်တပ်အရာရှိတွေကို နိုင်ငံတကာတရားရုံး ICC ကို တင်ဖို့ ကြိုးစားနေတာတွေ ရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး တခုခု ပြောစရာများ ရှိပါသလား ခင်ဗျာ။

ဒါက လုပ်ရမယ့် ကိစ္စပဲ။ လူသားပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေလည်း ဖြစ်နေပြီ။ ကမ္ဘာမှာလည်း ဒီဥပဒေဟာ တစတစနဲ့ အလုပ်ဖြစ်လာပြီ။ နောက် ဒီလူတွေကို ရုံးတင် တရားစွဲခြင်း ဆိုတာကလည်း ကမ္ဘာမှာ နိုင်ငံပေါင်း များစွာပေါ့၊ အာဖရိကနိုင်ငံတွေရော၊ ယူဂိုဆလပ်တို့ ဘာတို့ရော လုပ်နေကြပြီ။ အခု နောက်ဆုံး ဆူဒန်တို့ ဘာတို့ တရားစွဲတာ လုပ်နေပြီ။ တချို့က တရားခွင်ရှေ့မှောက်ကို ရောက်တယ်။ တချို့က ဖမ်းမိန့်ပဲ ထုတ်ရသေးတယ်။

ဗမာပြည်မှာဖြစ်နေတဲ့ အနေအထားအရက ဒီအခြေအနေမျိုးကို ရောက်နေတယ်။ သေချာတယ်။ ငြင်းလို့မရတဲ့ အနေအထား။ မီဒီယာတွေထဲ ပါလို့ ကျနော်က ငြင်းလို့မရတာလို့ ပြောတာမဟုတ်ဘူး။ သာမန်အားဖြင့် ပြည်သူတွေဟာ ရှစ်လေးလုံး ကာလလို ကာလမျိုးကစပြီးတော့ ၂ဝဝ၇ သံဃာတော်များ ရွှေဝါရောင်တော်လှန်ရေးလိုကာလမျိုး နောက်တခါ နိုင်ငံရေးအကျဉ်းသား များစွာကို ညှင်းဆဲ သတ်ဖြတ် ဆိုတဲ့ ဒီလို ဥပမာတွေ ကြည့်ခြင်းအားဖြင့် ဒီလူတွေဟာ တရားစီရင်ခံရမယ့် အနေအထားမှာ ရှိတယ်လို့ ပြောတာ။ ဒီလူတွေကို အပြစ်ပေးရမယ်လို့ ကျနော်တော့ မပြောချင်ဘူး။ ဒါက တရားရုံးက လုပ်ရမယ့် ကိစ္စ။ ကျနော့် ဘက်ကတော့ ဒီလူတွေဟာ အဲဒီလို တရားခွင်မျိုးမှာ ရင်ဆိုင်ရမယ့် အနေအထားကို ရောက်နေတယ်လို့ တထစ်ချ ပြောချင် တယ်။ သတ်သတ်မှတ်မှတ် ပြောတယ်။

သို့သော် အဲဒီ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ တချိန်တုန်းကရှိခဲ့တဲ့ သဘောထားပေါ့ဗျာ။ ကျနော်တို့ ဗမာပြည်မှာ အပြစ်တွေကို သင်ပုန်းချေမယ် ဆိုတာတွေ ရှိတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ဟာတွေအကုန်လုံး တယောက်နဲ့ တယောက် လက်စားချေကြမယ်ဆိုရင် မပြီးတော့ဘူး။ သင်ပုန်းချေတယ်ဆိုတာ သဘောတူတယ်။ သို့သော် ကျနော်တို့ဘက်က စဉ်းစားတော့ ဘာပေါ်လာသလဲဆိုရင်၊ ဒါ အန်အယ်ဒီရဲ့ ပေါ်လစီ ရယ်လို့တော့ မဟုတ်ဘူး။ အစုအဖွဲ့လိုက် ဆွေးနွေးကြတာ။ သင်ပုန်းချေတယ်ဆိုရင် ချေချင်တိုင်း ချေလို့မရဘူး။ ဘာလို့လဲဆိုတော့ ခံရတဲ့ ကာယကံရှင်တွေ ရှိတယ်ဗျာ။ သို့မဟုတ်လည်း သူ့ရဲ့ ရာဇဝတ်မှု ကျူးလွန်မှုဟာ လူသားအပေါ်မှာ အလွန်ကြီးလေးတဲ့ ရာဇဝတ်မှုလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။

အဲဒီလို ပုံစံအမျိုးမျိုး ကျူးလွန်တဲ့လူတွေကို သင်ပုန်းချေတယ်ဆိုပြီးတော့ ကျနော်တို့က ခွင့်လွှတ်လိုက်ရင် ရမလား။  နိုင်ငံရေး ပါတီတခုကနေ လုပ်ရင်ရမလား။ သို့မဟုတ်လည်း နိုင်ငံရေးခေါင်းဆောင် တယောက်ကနေလုပ်ရင် ရမလား။ မရဘူး။ တရားဝင် ဖြစ်ဖို့လိုတယ်။ ပြည်ပတရားရုံးတို့ ဘာတို့ဆိုတာကလည်း လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က သိပ်ပြီး မကြားသေးဘူးပေါ့ဗျာ။ ကျနော်တို့က ဘယ်လိုတွက်လဲဆိုတော့ လွှတ်တော်တို့ ဘာတို့မှာ တင်ပြီးတော့ ဥပဒေပြဋ္ဌာန်းပြီးတော့ သင်ပုန်းချေတာ ဖြစ်စေ၊ ဒါက တခုပေါ့နော်။ နောက်တမျိုးက ဘာလဲဆိုရင် ကျနော်တို့က အမျိုးသားပြန်လည်သင့်မြတ်ချင်တယ်။ တရားစီရင်ရေးက အမှန်တရား ဖြစ်စေချင်တယ်။ ကျနော်တို့က ဥပမာ – တောင်အာဖရိက Truth and Reconciliation Commission လိုဟာမျိုး လုပ်ရမယ်လို့ သဘောပေါက်တယ်။ အနည်းဆုံး အဲဒီလိုမျိုး ဖြေရှင်းမယ်။ သဘောထားတွေ ဟိုတုန်းက ရှိခဲ့တယ်။

သို့သော် ကျနော်တို့ ရွေးကောက်ပွဲမှာ အနိုင်ရရှိသော်လည်း လွှတ်တော်အဆင့်ကို မရောက်ခဲ့တဲ့အတွက် ကျနော်တို့ ဒါ မလုပ်နိုင်ဘူး။ နောက်တခုက ကျနော်တို့မှာ ဘာအာဏာမှ ရှိတာမဟုတ်တဲ့အတွက်၊ ကျနော်တို့ဆိုတာ ကျနော်တို့ ဒီမိုကရေစီ သမားတွေကို ပြောတာပါ။ အန်အယ်ဒီရယ်လို့ မဟုတ်ပါဘူး။ အဲဒီလိုအနေနဲ့ Truth Commission တို့၊ Reconciliation Commission တို့ဆိုတာ ဖွဲ့နိုင်တဲ့အနေအထားမှာ မရှိဘူး။ လွှတ်တော်လည်း မရှိဘူး။ အခုနောက်ဆုံး ICC လိုဟာမျိုး ပေါ်လာတာပဲ။ အဲဒါနဲ့ ပတ်သက်လို့ အများကြီး စဉ်းစားမိတယ်။ ဘာပဲပြောပြော ဒီလူတွေဟာ ICC ရှေ့မှောက်မှာ တရားစီရင် ခံရမယ်လို့ တထစ်ချ မပြောနိုင်သေးပေမယ့် ဒီလူတွေဟာ အဲဒီလို တရားစီရင် ခံရနိုင်လောက်တဲ့ ပြစ်မှုတွေ ကျူးလွန်ထားတာ အမှန်ပဲလို့ ကျနော် ယုံကြည်ပါတယ်။

အင်းစိန်ထောင်ရှေ့နောက်ဆုံးအခြေအနေ..

နေ့ လည် ၁၂ နာရီခွဲခန့် တွင် အင်းစိန်ထောင်တွင်းမှ သေနတ်ပစ်ဖောက်သံကြားရပြီးနောက် အပြင်ရှိ
လုံထိန်း နှင့် စစ်သားများ အသင့် နေရာယူကြသည်။

ဒေါ်အောင်ဆန်းစုကြည် တရားခွင်သို့ ရောက်ရှိပြီဖြစ်သည်။

နေ့လည် ၁၂ နာရီခန့ တွင် အင်းစိန်ထောင်ရှေ့၌ လူစုလူဝေးပို၍ကြီးမားလာသည်။

အင်းစိန်ထာင်ရှေ့သို့ ဝင်ရောက်၍ မရသည့် လူစုက သမိုင်းလမ်းဆုံ နှင့် ခ၀ဲခြံတွင်စုရုံး။

အင်းစိန်ဈေးအနီးတွင် စစ်တပ်က ငြိမ်ငြိမ်သက်သက်နေပေးရန် လက်ကိုင် အသံချဲ့ စက်ဖြင့်ကြေညာ

Sent at 1:38 PM on Monday
lar: အင်းစိန်ထောင်ရှေ့နောက်ဆုံးအခြေအနေ… ငှက်ပျော်သီးတွေဝေ..ရေသန့်တွေသောက်ပြီး ဒေါ်စုသတင်းကြားရဖို့ လူထုကြီးကဇွဲကောင်းကောင်းနဲ့ ဆက်စောင့်နေကြဆဲ

ဒီအမှုကို ဖျက်သိမ်းပေးပါ၊ ကျနော်တို့ လက်မခံဘူး”

“ Saturday, 16 May 2009

16:36 ဧရာဝတီ

E-mail Print

အာဏာပိုင်တို့က လွတ်ရက်စေ့တော့မည့် ဒေါ်အောင်ဆန်းစုကြည်ကို ၃ နှစ်မှ ၅ နှစ်အထိ ထပ်မံ ထိန်းသိမ်းနိုင်သည့် အမှုဖြင့် တရားစွဲဆိုလိုက်သည်။ အာဏာပိုင်တို့ စောင့်ကြည့်နေသည့် ဒေါ်အောင်ဆန်း စုကြည်၏ အိမ်ဝင်းအတွင်းသို့ အမေရိကန်တဦး လျှို့ဝှက်ဝင်ရောက်မှု ပေါ်ပေါက်လာပြီးနောက်တွင် ထိုသို့ တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။ ဤအမှုနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။ [ဦးဝင်းတင် (ဓာတ်ပုံ – မြတ်မိုးမောင်)] ဦးဝင်းတင် (ဓာတ်ပုံ – မြတ်မိုးမောင်) မေး။ ။ အာဏာပိုင်တွေဘက်က အမှုခိုင်လုံနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲတယ်လို့ မထင်ဘူးလား။ ဖြေ။ ။ အမှုက ဘာမှ မခိုင်လုံဘူးခင်ဗျ။ ဒါက အမှုဆင်ထားတာပဲ။ လုံခြုံရေးကိစ္စတခုလုံးဟာ သူတို့လက်ထဲမှာ ရှိတာပဲ။ လူတယောက် ဝင်လာအောင်လုပ်တယ် ဆိုတာ သူတို့ဖွင့်မပေးရင် ဘယ်လိုမှ ဝင်လို့မရဘူး။ ဒေါ်စုက လွတ်ခါနီးပြီဗျ၊ ရက်ပိုင်းပဲ လိုတော့တာ၊ ဒီအချိန်မှာ အယူခံအမှုကို ပယ်တယ်၊ အမှုတခု ထပ်တင်တယ် ဆိုတော့ အမှုဆင်တယ် လို့ပဲ ယူဆရတယ်။ ဒီအမှုဟာ ခိုင်လုံခြင်း မခိုင်လုံခြင်းတို့ ဆိုတာ သူတို့အပေါ်မှာ တည်တယ်၊ သူတို့က ဒေါ်စုကို လွှတ်မပေးချင်ဘူး၊ ဒေါ်စုရဲ့ ရှေ့လျှောက် လုပ်နိုင်တဲ့ နိုင်ငံရေးကို တားဆီးချင်တာကြောင့်လို့ ကျနော် ယူဆတယ်။ မေး။ ။ ဒီအမှုက နောက်ဆုံး ဘာဖြစ်လာနိုင်သလဲ။ စီရင်ချက် ဘယ်လိုချမယ်လို့ ထင်သလဲ။ ဖြေ။ ။ ဖြစ်ရိုးဖြစ်စဉ်အတိုင်း ပြောရမယ်ဆိုရင် ထောင်ချဖို့ပဲ ရှိတာပေါ့ဗျာ။ သို့သော် နိုင်ငံရေးမျက်စိနဲ့ ကြည့်မယ် ဆိုရင် သူတို့ လုပ်ချင်တိုင်း လုပ်လို့ မရဘူး။ ကမ္ဘာကလည်း ကန့်ကွက်တာမှ ဒီအမှုတခုလုံးကို ဖျက်သိမ်းဖို့ ကန့်ကွက်နေတယ်။ ကျနော်တို့ကလည်း လက်မခံဘူး၊ အမှုကို ဖျက်သိမ်းဖို့၊ ရပ်ဆိုင်းဖို့ တောင်းဆိုတယ်။ အမှု မဖျက်သိမ်းနိုင်ဘူး ဆိုရင်တောင်မှ ရိုးသား ဖြောင့်မတ်မှု ရှိတဲ့ တရားစီရင်ရေး ဖြစ်ပါစေလို့ တောင်းဆိုတယ်။ အများပြည်သူ ကြားနာနိုင်တဲ့ တရားစီရင်မှု ဖြစ်ရမယ်။ ရှေ့နေ ရှေ့ရပ်တွေ လုံလောက်စွာ ပါဝင် ဆောင်ရွက်ခွင့် ရှိရမယ်။ တရားရုံးတက်ပြီး စကားပြောတဲ့ ရှေ့နေတင် မဟုတ်ဘူး၊ နောက်ကွယ်ကနေ အမှုနဲ့ ပတ်သက်ပြီး အမှု တည်ဆောက်ဖို့၊ အမှုနဲ့ ပတ်သက်ပြီး ခုခံကာကွယ်ဖို့၊ အချက်အလက်တွေ ရှာဖို့ ရှေ့နေ ရှေ့ရပ်တွေ ရှိရမယ်။ လွတ်လပ်တဲ့ တရားခွင် ဆိုရင် အများပြည်သူကို၊ မိသားစုကို နားထောင်ခွင့် ပြုရမယ်၊ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် သူ့ရဲ့ သားတွေ အင်္ဂလန်မှာ ရှိတယ်၊ သူတို့ လာနိုင်အောင် ဗီဇာတွေ ပေးရမယ်။ အလားတူပဲ ဒေါ်ခင်ခင်ဝင်းမိသားစုလည်း နိုင်ငံခြားမှာရှိတယ်၊ သူတို့ လာချင်ရင် လာခွင့်ပေးရမယ်။ နိုင်ငံခြားသား ဖြစ်ဦးတော့ သူ့မိသားစုကို တွေ့ခွင့်ပေးရမယ်။ စာနယ်ဇင်းသမားက လွတ်လပ်စွာ သတင်းယူခွင့် ရှိရမယ်။ ဒါကို ပေးကို ပေးရမယ်။ စာနယ်ဇင်းက ရှေ့နေတွေကို မေးမြန်းခွင့် ရှိရမယ်၊ တရားခံတွေကိုပင်လျှင် တွေ့ဆုံ မေးမြန်းခွင့် ရှိရမယ်။ တရားခွင်ကို လာနားထောင်သူတွေရဲ့ ထင်မြင်ချက်ကို မေးမြန်းခွင့် ရှိရမယ်။ ဒါ ကျနော်တို့ တောင်းဆိုတယ်။ နောက်တခုက ကျနော် လုံခြုံရေးကိစ္စလည်း တောင်းဆိုချင်တယ်။ ထောင်ထဲမှာလုပ်တဲ့ တရားခွင် ဆိုပေမယ့် လုံခြုံရေး စိတ်ချရမှုနဲ့ ပတ်သက်ပြီး ကျနော် မပြောနိုင်ဘူး၊ ထောင်ထဲမှာ လုပ်ပြီး ဒေါ်စုကို သူတို့ ရန်မမူဘူးလို့ စိတ်ချ လက်ချ ကျနော်တို့ ယုံကြည်မှု မရှိဘူး။ ဒေါ်စုရဲ့ လုံခြုံရေးကိုလည်း အခိုင်အမာ ပေးရမယ်။ ဒေါ်စုတင် မကဘဲနဲ့ ဒေါ်စုဘက်က လိုက်ပါ ဆောင်ရွက်တဲ့ ရှေ့နေ ရှေ့ရပ်များကိုလည်း လုံခြုံမှု ပေးရမယ်။ ကျနော်တို့ ပြောချင်တာက အမှုကို ဆင်ပြီးလုပ်တဲ့အတွက် မတရားတဲ့အတွက် ဒီအမှုကို ဖျက်သိမ်းပေးပါ၊ ကျနော်တို့ လက်မခံဘူး။ တရား စီရင်မယ် ဆိုရင်လည်း လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်အောင် စောစောက ပြောတဲ့အချက်တွေ ပေးပါလို့ ကျနော်တို့က တောင်းဆိုတယ်။ မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ အနှစ် ၂ဝ အတွင်း တိုက်ခိုက်ခံရ၊ နှစ်ပေါင်းများစွာ ချုပ်နှောင်ခံရ၊ အခု လွတ်ရက်စေ့ခါနီးမှာ အစိုးရက ထောင် ၅ နှစ် ထပ်ချဖို့ ပြင်နေတယ် ဆိုတော့ သူ့ရဲ့ စိတ်ဓာတ်က ဘယ်လို အခြေအနေ ရှိတယ်လို့ သိရသလဲ။ ဖြေ။ ။ ကျနော်ကတော့ တွေ့ခွင့် မရဘူး။ သို့သော် ပထမဦးဆုံးအချက် ပြောချင်တာက ရှေ့နေဦးကြည်ဝင်းနဲ့ တွေ့တယ်။ ရှေ့နေဦးကြည်ဝင်းရဲ့ ပြောကြားချက်က ဘာလဲ ဆိုတော့ ဒေါ်စုရဲ့ စိတ်ဓာတ်က အလွန် ကောင်းမွန်နေတယ်၊ ခိုင်ခိုင်မာမာပဲ ရှိနေတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး သူဘာပြောလဲ ဆိုတော့ ဘာဥပဒေချိုးဖောက်မှုမှ သူ မလုပ်ဘူး ဆိုတာကို သူက ရှေ့နေကို အတိအလင်း ပြောတယ်၊ အပြစ်မရှိဘူး ဆိုတာကို ခိုင်ခိုင်မာမာ ပြောတယ်။ ဒီအချက်တွေကို ထောက်ရင် ဒေါ်စုရဲ့ စိတ်ဓာတ်က ခိုင်မာဆဲပဲ ဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒေါ်စုနဲ့ ကျနော် တွေ့နိုင်ခြင်း မရှိသော်လည်း လွန်ခဲ့တဲ့ နှစ်တွေက ကျနော်တို့ တွေ့ကြ ကြုံကြတဲ့ အတွေ့အကြုံတွေကို ထောက်ထားလို့၊ ပြီးတော့ မတွေ့တဲ့ ကာလမှာလည်း ဒေါ်စုက ထောင်ထဲရောက်လိုက် အပြင်ကို ရောက်လိုက် အနှစ် ၂ဝ ကာလ တလျှောက်လုံး သူ့ရဲ့ ရပ်တည်ခဲ့တဲ့ အချက်တွေ၊ သူ့ရဲ့ ကိုယ်ကျိုးစွန့်မှုတွေကို ထောက်ရင် ဒေါ်စုက ဒီလိုဖြစ်တာနဲ့တော့ စိတ်ဓာတ် ဘာမှ ထိခိုက်စရာ၊ ပြောင်းလဲစရာ၊ စိတ်ဓာတ်ကျစရာ၊ လျော့ပါးစရာ ဘာမှ မရှိဘူးလို့ ကျနော် ပြောနိုင်ပါတယ်ဗျာ။ မေး။ ။ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ဆက်ပြီး ထိန်းသိမ်းထားချင်ရတာလို့ ထင်သလဲ။ ဖြေ။ ။ ပြောရမယ်ဆိုရင် ဒေါ်စုရဲ့ ပုဂ္ဂိုလ်ရေး ကျော်ကြားမှုတွေ၊ ကမ္ဘာက အသိအမှတ်ပြုမှုတွေ၊ အမှန်အတိုင်းပြောရရင် စစ်အစိုးရရဲ့ အဓိက ရန်သူ ဖြစ်နေတယ် ဆိုတဲ့ အချက်တွေကို ကျနော်တို့ ထည့်ပြီးပြောရမှာပဲ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေး ခိုင်မာမှု၊ ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီးတော့ လတ်တလောဖြစ်နေတဲ့ နိုင်ငံရေး ရှုထောင့်ကနေ ကြည့်မယ် ဆိုရင် နိုင်ငံရေး အခြေအနေက အများကြီး ပြောင်းလဲနေပြီ။ အရင်တုန်းက ဆိုရင် လွှတ်တော်ခေါ်ပေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တစက်ကလေးမှ ကျနော်တို့ မလျှော့ဘူး၊ ဥပဒေအတိုင်း လွှတ်တော်ကို ခေါ်ပေးပါ၊ ဒီလွှတ်တော်ကနေ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဆိုတာတွေကို ကျနော်တို့ ပြောခဲ့တယ်။ ဒါဆိုရင် ကောင်းပြီ ဆွေးနွေးကြမယ်လို့ ကျနော်တို့ ပြောတယ်၊ အဲဒီလို ပြောင်းလဲလာတယ်။ အလုပ် လုပ်ဖြစ်အောင် တွေ့ဆုံ ဆွေးနွေးရေးကို ပြောတယ်။ တွေ့ဆုံ ဆွေးနွေးရေးနည်းနဲ့ ဖြေရှင်းတဲ့ ပုံသဏ္ဌာန်မှာ ဒေါ်စုဟာ အလွန် အရေးကြီးတဲ့ နေရာမှာ ရှိတယ်။ အခုမှ ရှိတာမဟုတ်ဘူး။ ၁၉၈၈ ကတည်းက ရှိတယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင်က ပြောတယ်၊ ပါတီတွေ ဒီလောက်များနေတာ ဘယ်လို တွေ့ဆုံ ဆွေးနွေးရမှာလဲ လို့ ပြောဖူးတယ်။ အဲဒီတော့ ပါတီတွေက ဒေါ်စုကို မန်းဒိတ် (mandate) ပေးတယ်၊ ဒေါ်စုနဲ့ ပြောပါ၊ တွေ့ဆုံဆွေးနွေးပွဲ လုပ်ပါ၊ ဒေါ်စုကို သူတို့ ယုံတယ် ဆိုပြီးတော့ တိုင်းရင်းသားတွေရော၊ ဒီမိုကရေစီ အင်အားစုတွေရော၊ NLD ရော အားလုံးက ဒေါ်စုကို တာဝန် ပေးခဲ့ဖူးတာ ရှိတယ်။ ဒီနေ့ ဒီအချိန်လည်း ကျနော် ထင်တယ် တိုင်းရင်းသားတွေရော အားလုံးက စစ်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေး ဖြေရှင်းတဲ့အခါ ဒေါ်စု ကိုယ်စားပြုပြီးတော့ ပြောပါ ဆိုပြီးတော့ ပြောမှာပဲ။ အခု ပေါ်ပေါက်လာတဲ့ နိုင်ငံရေး အခြေအနေကို ကြည့်ရင် တွေ့ဆုံ ဆွေးနွေးတဲ့ နည်းနဲ့ ဖြေရှင်းမယ် ဆိုတဲ့နေရာမှာ အဓိကဇာတ်ကောင်က ဒေါ်စုပဲ။ အခု ဒေါ်စုကို တရားစွဲလိုက်ခြင်းဟာ ဘာကိုရည်ရွယ်လဲ ဆိုရင် ဇာတ်ကောင်ဖြစ်နေတဲ့ ဒေါ်စုကို ဇာတ်ခုံပေါ်ကနေ၊ စားပွဲခုံကနေ ဆွဲချပစ်လိုက်တယ်၊ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပရေးတို့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရေး တို့ ဆိုတဲ့ လမ်းကြောင်းတွေကိုလည်း အကုန်လုံး ဖျက်ဆီးပစ်လိုက်တာ ဖြစ်တယ် လို့ ကျနော်က သဘောထားတယ်ဗျ။ မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းလည်း အဖမ်းခံနေရတာ တပတ် ကျော်သွားပြီ၊ သူ့ရဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲ။ သူက ဒီအမှုမှာ ဘယ်လို ပတ်သက်နေသလဲ။ ဖြေ။ ။ ကျနော်တို့ ပထမ ကြားတာကတော့ ဒေါက်တာ တင်မျိုးဝင်းကို အမှုစွဲတင်မယ်၊ စုစုပေါင်း ၅ ယောက် ပေါ့ဗျာ။ သို့ပေမယ့် နောက်ပိုင်းကျတော့ ဒေါက်တာ တင်မျိုးဝင်း မပါတော့ဘူး။ ဖြစ်နိုင်တဲ့ အခြေအနေကို ဆက်တွေးရင် ဒေါက်တာ တင်မျိုးဝင်းကို အမျိုးမျိုး စစ်ကြောရေး လုပ်နေတယ်ပေါ့ဗျာ အဲသလို ယူဆတယ်။ ကျနော်တို့ ပြောချင်တာက ဒေါက်တာ တင်မျိုးဝင်း ညှဉ်းပန်းနှိပ်စက်ခြင်း တို့ ဘာတို့များ ခံရဦးမှာလားပေါ့။ ဟိုတုန်းကလည်း ညှဉ်းပန်းနှိပ်စက်တာတွေ သူ ခံခဲ့ရတာ ရှိတယ်ဗျ။ ဒေါက်တာတင်မျိုးဝင်းကို သူတို့လိုချင်တဲ့ လမ်းကြောင်း နဲ့ အသံတွေ ထွက်အောင်လို့ ဒေါက်တာတင်မျိုးဝင်းကို လုပ်နေသလားလို့ ကျနော်တို့ စိုးရိမ်တယ်။ စစ်ဆေးပြီးတော့ သူ့ကို သီးခြား အမှု ဆင်မလား။ ဒီအပြစ်က ၃ နှစ် နဲ့ ၅ နှစ်လောက်ပဲ အပြစ်ပေးနိုင်တဲ့ အမှုကိုး၊ ဒါ့ထက် ကြီးမားတဲ့ အမှုများ ထပ်တွဲချင်လို့ ကြံစည်နေသလားလို့ ဒီလိုတွေးမိတယ်။ နောက်တမျိုးကလည်း ဒေါက်တာတင်မျိုးဝင်းကို သက်သေ အဖြစ် ထည့်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် ကျနော်တို့ မစိုးရိမ်ဘူး၊ ဒေါက်တာတင်မျိုးဝင်းဟာ လွယ်လွယ်ကူကူနဲ့ သူများ ပြောခိုင်းတိုင်း ပြောတဲ့လူစားမျိုး မဟုတ်ဘူးဗျ။ သူ့ရဲ့ နိုင်ငံရေး ယုံကြည်ချက်၊ ရပ်တည်ချက်၊ သမိုင်း အစဉ်အလာတွေကို ကျနော်တို့က ယုံလည်း ယုံကြည်တယ်၊ လေးလည်း လေးစားတယ်၊ ဒါအတွက် မစိုးရိမ်ဘူး။ ဒေါက်တာတင်မျိုးဝင်းကို သက်သေထွက်ခိုင်းရင် သူဟာ လုပ်ခဲ့တာကို ထွက်မှာပဲ၊ သူလုပ်ခဲ့တာလည်း များများ မရှိဘူး၊ ဒီအမှုမှာ ပြီးခဲ့တဲ့ နှစ်တွေက တွေ့တယ် ဆိုတုန်းက ဒေါ်အောင်ဆန်းစုကြည်က ရှင် သွားပြီးတော့ အစိုးရကို အသိပေးပါ လို့ ညွှန်ကြားတယ်၊ အဲဒီညွှန်ကြားချက်အတိုင်း ပြည်ထဲရေး ဌာနကို အကြောင်းကြားတယ်၊ ဒါ့အပြင် ဘာမှ ထွက်စရာအကြောင်း မရှိဘူး။ ဒေါက်တာတင်မျိုးဝင်းက ကျနော်နဲ့ ဒီ လူနဲ့ နေထိုင်ခဲ့ဖူးပါတယ် ဘာညာ ဆိုတဲ့ဟာမျိုးတွေ ထွက်ဆိုလိမ့်မယ်လို့ ကျနော် မမျှော်လင့်ဘူးဗျ။ ။

ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲခြင်းမှာ ဥပဒေမဲ့လုပ်ရပ် – ပြည်တွင်းက လူထုအများစု တုံြ့ပန်


ကြံရာမရတဲ့လူယုတ်မာတွေရာဇ၀တ်အိုး တုတ်နဲ့ ထိုးမိနေပြီ။ မြန်မာပြည်သူတွေ ပေါက်ကွဲတော့မယ်။

ဝင်းမြတ်

မေ ၁၆၊ ၂၀၀၉

နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နိုင်ငံသား ရေကူးသမားအား လက်ခံထားရှိတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ နအဖ အစိုးရက တရားစွဲဆိုရန် ပြုလုပ်နေတာကို ပြည်သူ လူထုထံက မကျေမနပ် တုံ့ပြန်သံများ ထွက်ပေါ်ခဲ့ပါတယ်။
ဒေါ်စုကို ပြန်လည် လွှတ်ပေးဖို့ ရက်ပိုင်းအလိုမှာ အခုလို လုပ်လိုက်ခြင်းဟာ နအဖ အစိုးရရဲ့ ဒေါ်စုအပေါ် ထားတဲ့သဘောထားကို ရှင်းပြစရာ မလိုအောင် ဖော်ထုတ်လိုက်တာပဲဖြစ်တယ် လို့ ဆိုကြပါတယ်။ ဒီလုပ်ရပ်ဟာ ပေါ်ပေါ်တင်တင် ဥပဒေမဲ့ ပြုလုပ်တာဖြစ်တယ် လို့လည်း အများက ထင်မြင်ချက်ပေးကြပါတယ်။
Summary

Rest of your post
အသက် ၂၄ နှစ်အရွယ် စက်မှုဘွဲ့ရ အမျိုးသားတစ်ဦးက

“ ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ရေးကူးသွားတဲ့လူအကြောင်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူဖို့လုပ်တယ် ဆိုတာ ကြားရတော့ စဉ်းစားစရာတွေ ဖြစ်လာတယ်။ အဲဒီ အိမ်နားကို ကပ်ဖို့ဆိုတာ အစောင့်တွေ အထပ်ထပ် ချထားတာပဲ။ အပြစ်ပေးချင်ရင် သူတို့ကိုပေးပေါ့။ အခုဟာက လှောင်အိမ်ထဲထည့်ထားပြီး အထဲမှာ ရှိနေတဲ့သူကို အန္တရာယ် ပေးနိုင်တာတွေကို အပြင်ကနေ တစ်ခုပြီးတစ်ခုထည့် ပြီးတော့မှ အန္တရာယ်ရှိတယ် ဆိုပြီး ပြဿနာရှာတယ်လို့ မြင်တယ်”

လို့ပြောပါတယ်။

“ကျွန်တော်က နိုင်ငံရေးတွေဘာတွေ သိပ်နားလည်တာမ ဟုတ်ပါဘူး။ ဥပဒေတွေ ဘာတွေလည်း သိပ်နားလည်တာ မဟုတ်ပါဘူး။ အခုဟာကတော့ လူသာမန်လို ရိုးရိုးလေး တွေးကြည့်တာတောင် ဘယ်လိုမှ မမျှတတာကို တွေ့နေရတာကို ပြောချင်တာပါ”

လို့ သူက ဆက်ပြောတယ်။

အင်းလျားကန်ကို ဖြတ်ကူးပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းမှာ နှစ်ရက်ကြာ ၀င်ရောက် နေထိုင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား Mr. John William Yettaw ဆိုသူကို သက်ဆိုင်ရာ တာဝန်ရှိသူများက ခေါ်ယူစစ်ဆေး မေးမြန်းနေတယ်လို့ အစိုးရပိုင် သတင်းမီဒီယာ တွေက ဖော်ပြခဲ့ကြတယ်။

သည်ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်စုကို တရားစွဲဆိုမယ့် အကြောင်းကိုတော့ ပြည်သူလူထု သိအောင်အစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ အင်တာနက် ၀က်ဆိုက်တွေနဲ့ ပြည်ပ သတင်းမီဒီယာတွေက တစ်ဆင့်သာ ပြည်သူလူထုက သိရှိရပါတယ်။

အခုလို အစိုးရက ပွင်းလင်းမှု မရှိတာနဲ့ပတ်သတ်ပြီး အစိုးရ၀န်ထမ်း ရုံးအုပ်ကြီးတစ်ဦက

“ အစိုးရက ပြည်သူကို အမြဲတမ်း လိမ်နေကျပဲ။ အခု ရေကူးသမား ကိစ္စကလည်း သိပ်ယုံချင်စရာမရှိဘူး။ သက်သက်မဲ့ သိက္ခာချချင်လို့လုပ်တာ ဖြစ်နိုင်တယ်လို့ ယူဆတယ်။ ဒါပေမယ့် ဒေါ်စုကြည်ကို တရားစွဲဖို့ လုပ်တယ် အင်းစိန်ထောင်ကို ခေါ်သွားတယ် ဆိုတာကတော့ သိပ်ကို အရှက်မရှိ မျက်နှာပြောင်တိုက်ရာ ကျတယ်။ ဒီအကြောင်းတွေကို ပြည်သူတွေ သိအောင်ရော ဘာလို့ မပြောတာလဲ။ ရေကူးတဲ့သူအကြောင်းကျတော့ စာလုံးမဲကြီးတွေနဲ့ လူမြင်သူမြင် နေရာမှာ ရေးထားတယ်”

လို့ သူ့အမြင်ကို ပြောပြတယ်။

လူထုက ကြည်ညိုလေးစားရတဲ့ နအဖအစိုးရက နိုင်ငံတော် တည်ငြိမ်ရေးဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့သတင်းတွေကို အများပြည်သူ သိအောင် ထုတ်ဖော် ပြောဆိုခြင်း မရှိတာကို ရေတပ်ဗိုလ်မှူးဟောင်းဖြစ်ပြီး အခုအခါ အရပ်ဘက် အစိုးရ အရာရှိကြီး တစ်ဦးက အခုလိုပြောတယ်။

“သူ့ကို(ဒေါ်စု) လွှတ်ပေးလိုက်ရင် လူထုက လမ်းပေါ် ထွက်မလာဘူးလို့ ဘယ်သူ အာမခံမလဲ။ ဒီလိုပဲ သူ့အကြောင်းတွေကို လူတွေသိအောင် ပြောပြောနေရင် လူထုက တည်ငြိမ်ပါ့မလား။ အခုလိုတပ်က မအုပ်ချုပ်ဘူးဆိုရင် မြန်မာလူမျိုးတွေကို ထိန်းလို့ရမယ်လို့ ထင်နေသလား။ သူ့ကိုချုပ်ထားတာ နိုင်ငံရေးအရ အဖြေမဟုတ်ဘူး ဆိုပေမယ့် ကျန်တာတွေကို တည်ငြိမ်အောင်လုပ်ဖို့ လွယ်တယ်”

စစ်ဘက်ကနေ အရပ်ဘက်ပြောင်းလာတဲ့ အရာရှိအများစုမှာ တပ်အရိပ်အငွေ့တွေ ပါလာပေမယ့် တစ်ချို့သူတွေမှာတော့ နှစ်ဖက် မြင်တတ်တဲ့ သူတွေ ရှိနေတာတွေ့ရတယ်။

သူနဲ့အမြင်မတူတဲ့ တိုင်းအဆင့်ရှိ တပ်ဘက်အငြိမ်းစား အရပ်ဘက် အရာရှိကြီးတစ်ဦးက

“ အရင် ဦးနေ၀င်းခေတ်တုန်းက တစ်ခုခုလုပ်မယ် တစ်နေရာရာသွားမယ် ဆိုရင် အဲဒိအချိန်မှာ သူနဲ့ တရားဝင်ပေါင်းနေတဲ့ ဇနီးကိုပဲ ခေါ်သွားတယ်။ အခုလို ဇနီးမယား၊ သမီးသား မြေးမြစ်တွေကို ခေါ်မသွားဘူး။ အခုဟာက သတင်းစာထဲမှာပါ သူတို့ တစ်ဆွေလုံး တစ်မျိုးလုံးက လူထုကို အုပ်ချုပ်နေတဲ့ပုံ လုပ်ထားတယ်။ ဒါ တပ်ရဲ့အင်အားကို သုံးပြီး သက်ဦးဆံပိုင်ပုံစံဖြစ်နေတာ။ အခုကိစ္စ (ဒေါ်စု)မှာလည်း အာဏာ ဆက်လက် တည်မြဲရေးအတွက် သူတို့လုပ်ချင်တာ လုပ်လို့ရအောင် အကွက်ဆင်ခဲ့တာပဲ ဖြစ်ဖို့များတယ်”

လို့ သူ့အယူအဆကိုပြောပါတယ်။

ရန်ကုန်နေ လူထုအများစုကတော့ ဒေါ်စုကိုတရားစွဲဆိုမှုဟာ အကွက်ဆင်မှု ဖြစ်တယ် လို့ ယုံကြည်ထားကြတယ်။ အခုလို ကမ္ဘာသိ လူထု ခေါင်းဆောင် အမျိုးသမီး တစ်ယောက်ကို လက်နက် လူသူအင်အားနဲ့ အနိုင်ကျင့်တာကို ရှက်စရာ ဖြစ်တယ်လို့ ပြောကြပါတယ်။

ရန်ကုန်မြို့က အသက် ၄၆ နှစ်ရှိ ဓါတ်ခွဲမှူးတစ်ဦးက

“ဘုန်းကြီးနဲ့ ပြည်သူတွေကိုသတ်တဲ့ လက်နက်ကြီးငယ်မျိုးစုံးနဲ့ အင်အား သိန်းနဲ့ချီရှိတဲ့ သူတွေက လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မရှိတဲ့ အချုပ်လည်း ခံထားရတဲ့ အမျိုးသမီး တစ်ယောက်ကို အနိုင်ကျင့်ချင်တိုင်း ကျင့်နေတာကတော့ တော်တော်ကို အရှက်မရှိတဲ့ လုပ်ရပ်ပါပဲ။ သူတို့လုပ်ရပ်တွေက သိပ်ကို ယုတ်မာ ကောက်ကျစ်လွန်းရာ ကျနေပြီ။ သူတို့ ပြောချင်လုပ်ချင်တာတွေကိုလည်း နည်းမျိုးစုံနဲ့ ပြည်သူကို လှည့်စားပြီး လုပ်ခဲ့တာပဲ။ ပြည်သူ့သဘောထား ဆိုပြီး စစ်အစိုးရက ပြောနေတာတွေက ဘယ်ပြည်သူကမှ အဲဒီလို မပြောဘူး”

လို့ပြောပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ ပြည်သူတွေရဲ့ ရွေးချယ်မှုကို အသိအမှတ်မပြုခဲ့တဲ့ အပြင် ဒေါ်စုကိုပါ အကျဉ်းချထားတာဟာ နအဖ အစိုးရက အကြောက်လွန်နေတာ ဖြစ်တယ်လို့ အသက် ၅၉ နှစ်အရွယ် အစိုးရ၀န်ထမ်း အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ ဘာဖြစ်လို့ ဒေါ်စုကို မလွှတ်ပေးရဲတာလည်းဆိုတာ ရှင်းပါတယ်။ ဒီအမျိုးသမီးကို သူတို့ တော်တော် ကြောက်နေတာ။ သူ့နောက်မှာ လူထုက ရှိနေတာကို။ အခု သူတို့ကို(နအဖ) ဘယ်ပြည်သူကမှ ရွေးထားခဲ့တာ မဟုတ်ဘူး။ သူတို့တကယ် ပြည်သူကို စေတနာရှိတယ် ဆိုရင် ပြည်သူကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ပေးလိုက်ပေါ့”

အစိုးရ၀န်ထမ်း အမျိုးသမီးက ပြောပါတယ်။

စက်မှုဘွဲ့ရ လူငယ်ကတော့ မြန်မာနိုင်ငံမှာ ရွေးချယ်ခွင့် နည်းပါးပြီး လူငယ်တွေကြားမှာ မျှော်လင့်ချက် မဲ့နေတယ်လို့ ပြောပါတယ်။ သူကပဲအခုလိုဆက်ပြောပါတယ်။

“ကျွန်တော်တို့ လူငယ်တွေမှာက လူကြီးဆိုတဲ့သူတွေ လုပ်ချင်ရာလုပ်နေတဲ့ ကြားထဲမှာ ညပ်နေတယ်။ ဘွဲ့ရပြီးပြီ။ စားဝတ်နေရေး လုံခြံမှုအတွက် အာမခံနိုင်တဲ့ အလုပ်ဆိုတာ အခုထိ မတွေ့သေးဘူး။ ကိုယ့်နိုင်ငံမှာက အခွင့်အလမ်း ကောင်းကောင်းတွေ မရှိတော့ သူများနိုင်ငံသွားပြီး အနှိမ်ခံရတယ်။ လက်ရှိ အုပ်ချုပ်နေတဲ့သူတွေမှာ ကိုယ့်နိုင်ငံ တိုးတက်အောင် လုပ်နိုင်မယ့် အရည်အချင်းမရှိတာတော့ သေချာတယ်။ လာမယ့် ၂၀၁၀ မှာရော ကျွန်တော်တို့က ဘယ်သူ့ကို ဘယ်လိုရွေးချယ်ရမှာလည်း။ ယုံကြည်ရလောက်တဲ့သူက ဘယ်သူလဲ ကျွန်တော်တို့မသိဘူး…

အခုဟာက အာဏာရှိတဲ့သူတွေက စည်းလွတ်ကမ်းလွတ် လုပ်ချင်တာ လုပ်နေတာကို ခံရတဲ့သူတွေက ဥပဒေအရဆိုပြီး ပြန်ပြီး ခုခံနေရတာတော့ ဘယ်တရားမလဲ။ စစ်အစိုးရက ပြောသလို ဥပဒေအထက်မှာ ဘယ်သူမရှိဘူး၊ သူတို့က လွဲရင်ပေါ့လေ”

ဝင်းမြတ်

လက်နက်အားကိုးရမ်းကားမိုက်ရိုင်း ထင်ရာစိုင်းတတ်တဲ့ စစ်အစိုးရ

စစ်အစိုးရကတော့ လူထုခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ေ

ခါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားသားတယောက် နေအိမ်တွင်း ၀င်ရောက်မှုနဲ့ပတ်သက်ပြီး သူမအပေါ်ကန့်သတ်ထိမ်းချုပ်ထားတဲ့ အခြေအနေတွေကို ဖောက်ဖျက်ကျူးလွန်မှုနဲ့ ဖမ်းဆီး အရေးယူ တရားစွဲဆိုလိုက်ပါပြီ။ ဒီလုပ်ရပ်ဟာမတော်တဆဖြစ်ပျက်သွားတဲ့ ဖြစ်ရပ်တခုပါလား။ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတဲ့ ဖြစ်ရပ် တခုပါလား။ နောက်ကွယ်မှာ အကြောင်းရင်းတခုခုရှိနေပါသေးသလား။ ကြိုးကိုင်ထိမ်းချုပ်သူ (Mastermind) တစုံတယောက်ရှိပါသ လား။ ဘယ်သူဖြစ်ဖြစ် အဲဒီလိုစဉ်းစားကြမှာပါပဲ။ စဉ်းလည်းစဉ်းစားသင့်ပါတယ်။

တိုက်ဆိုင်တာကလည်း အတော်လေးတိုက်ဆိုင်တယ်လို့ ဆိုရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချုပ်နှောင်ထားတဲ့ ဥပဒေပုဒ်မက တရားဝင်ခွင့်ပြုထားတဲ့ကာလကလည်း ပြည့်လုဆဲဆဲဖြစ်နေပြီဆိုတာ အားလုံးအသိဖြစ်ပါတယ်။ စပြီးဖမ်းဆီးချုပ်နှောင် ထားတဲ့ အချိန်တုံးကလည်း ဥပဒေနဲ့ညီညွတ်ခဲ့တာတော့မဟုတ်ပါဘူး။ ဒါပေမယ့် လက်နက်နဲ့အာဏာကိုချုပ်ကိုင်ပြီး ဥပဒေအရလုပ်တာပါ လို့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို ဇွတ်လိမ်လည်ထားတဲ့အတွက် အဲဒီသူတို့သုံးထားတဲ့ ဥပဒေဆိုတာအရပဲ တရားဥပဒေကို လေးစား လိုက်နာတတ်ကြတဲ့ ပြည်သူလထုနဲ့ နိုင်ငံတကာက ကန့်ကွက်တောင်းဆိုနေခဲ့ကြတာလည်း ကာလကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် တနှစ်ပြီးတ နှစ်သက်တမ်းတိုးလာခဲ့တာ ခုသက်တမ်းထပ်တိုးဖို့ ဥပဒေအရကိုပဲ လုပ်လို့မရတော့တဲ့အခြေအနေ ရောက်လာခဲ့ပါပြီ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံတကာကလည်း ဥပဒေနဲ့အညီ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆို ဖိအားပေးနေခဲ့ပါပြီ။ အဲဒီအချိန်နဲ့ကွက်တိ တိုက်ဆိုင်နေတာတွေ့ရပါတယ်။

တကယ်တော့ စစ်အစိုးရဟာ လက်နက်အားကိုးရမ်းကားမိုက်ရိုင်း ထင်ရာစိုင်းတတ်တဲ့ သူ့ရဲ့သဘာဝမှန်ကို ချုပ်ထိမ်းဖုံးကွယ်နိုင်စွမ်း မရှိခဲ့ပါဘူး။ ဒါကို ၂၀၀၁ခုမေလ၃၀ ရက်နေ့ ဒီပရင်း လုပ်ကြံသတ်ဖြတ်မှုကြီးက ပြသခဲ့ပြီး ဖြစ်ပါတယ်။ စစ်အစိုးရဟာ သူတို့ရဲ့ ဖိနှိပ် ခြိမ်းခြောက် မက်လုံးပေး သွေးခွဲစည်းရုံးမှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုရဲကအားကိုယ်းယုံကြည်မှု ချစ်ခင်လေးစား မှုတွေကို လျှော့တွက်ပြီးအဲဒီအချိန်က သူမရဲ့စည်းရုံးရေးခရီးစဉ်ကို ခွင့်ပြုထားခဲ့တာပါ။ ဒါပေမယ့် တမြို့ပြီးတမြို့ တတိုင်းပြီးတတိုင်း တပြည်နယ်ပြီးတပြည်နယ် ဒေါ်အောင်ဆန်းစုကြည် ရောက်လေရာရာမှာ ပြည်သူလူထုရဲ့ တစစတိုးများလာတဲ့ ထောက်ခံအားပေးမှုတွေ ကို မျက်မြင်ကိုယ်တွေ့ ကြုံလာရတဲ့ စစ်အစိုးရဟာ သူ့ရဲ့ အာဏာကုလားထိုင် လက်လွှတ်ဆုံးရှုံးရမှာကို အကြောက်ကြီးကြောက် လာခဲ့ပါ တော့တယ်။ တရားဥပဒေအရ ရိုးရိုးသားသားသမာသမတ်နည်းနဲ့ ဘယ်လိုမှယှဉ်ပြိုင်လို့ မနိုင်နိုင်မှန်းသိထားတဲ့ စစ်အာဏာရှင်အစိုးရဟာ သူရဲ့ အကြောက်တရားကို ထိမ်းချုပ်နိုင်စွမ်းမရှိတော့ပဲ ဖုံးလို့မလုံနိုင်မှန်းလည်း သိသိကြီးနဲ့ကိုပဲ လက်သီးပုန်းနဲ့ထိုးပြီး ပွဲသိမ်းဖို့ကြိုးစား ခဲ့ပါတယ်။ ဒါကြောင့်ပဲ အစိုးရ ကြိုတင်ကြံစည် ကြိုးကိုင်ကျူးလွန်လိုက်တဲ့ လုပ်ကြံသတ်ဖြတ်မှုကြီးဖြစ်တဲ့ ဒီပရင်းလုပ်ကြံသတ်ဖြတ်မှုကြီး ပေါ်ပေါက်လာခဲ့ရတာပါ။ တဖက်ကလည်း ပြည်သူလူထုနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေအပေါ် သူတို့ သုံးထားတဲ့ ခေါင်းမထောင်နိုင် အောင်ဖိနှိပ်ရေး၊ မက်လုံးပေးသွေးခွဲစည်းရုံးရေးနည်းရဲ့ထိရောက်မှုကို သွေးတိုးစမ်းကြည့်လိုက်တာ ဖြစ်ပါတယ်။ တုန့်ပြန်မှုပေါ်မှာ မီးစင် ကြည့်ကဖို့ ပဲစဉ်းစားခဲ့တာပါ။ သူတို့ဟာ မီးစင်ကြည့်ကတဲ့နည်းကိုပဲ သုံးနေတာလို့ စစ်အစိုးရတာဝန်ရှိ ဗိုလ်ချုပ်တွေကိုယ်တိုင် ၀န်ခံပြော ဆိုပြီးဖြစ်ပါတယ်။ သူတို့တကယ်ပဲ မီးစင်ကြည့်ကခဲ့တာပါပဲ။

ပြည်တွင်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူလူထုဆီက ဘယ်လိုအသံမျိုးထွက်လာသလဲ။ ဘယ်လိုလှုပ်ရှားတုန့်ပြန်မှုတွေလုပ် လာသလဲ ကြည့်ပါတယ်။ ထူးထူးခြားခြား ဆန့်ကျင်လှုပ်ရှားလာတာမရှိ။ အိုကေ။ ပြန်ဖမ်းထားလိုက်ပါ။ ဆိတ်သားရေ တချပ်ပဲသုံးလိုက်ပါ။ ဒီနေရာမှာ ပြောမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တရားဝင် နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထု၊ ပြည်ပအတိုက်အခံ ဒီမိုကရေစီအင်အားစုနဲ့ နိုင်ငံတကာရဲ့အခန်းကဏ္ဍပိုင်းမှာ ပြောစရာတွေအများကြီးရှိပါတယ်။ ရှည်လျှားသွားမှာစိုးတဲ့အတွက် ထားခဲ့ ပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ်စစ်အာဏာရှင် အစိုးရဟာ သူတို့လုပ်ချင်တာကိုလုပ်နိုင်ခဲ့တယ်လို့ပြောရမှာပါပဲ။ အဲဒီအချိန်က တကယ့် ပြည်သူ လူထုကြီးရဲ့ ထောက်ခံမှုအင်အားနဲ့ အာဏာကုလားထိုင်က ဖယ်ရှားခံရမှာကို အကြောက်ကြီးကြောက်ပြီး လုပ်လိုက်တဲ့ လုပ်ကြံသတ်ဖြတ် မှုကြီးပါ။

ခုတကြိမ်ဖြစ်ရပ်ကတော့ သူတို့အသုံးပြုထားတဲ့ ဥပဒေပုဒ်မအရ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့လည်း ပြည်တွင်းပြည်ပနဲ့ နိုင်ငံ တကာက တောင်းဆိုလာကြပြီး၊ ၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ချောင်ပိတ်ဖမ်းပြီး အပြီးသတ်ခြေမှုန်းပစ်ရေး မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မှန်ကန်တဲ့သတိ၊ သတ္တိနဲ့ အမျှော်အမြင်ရှိရှိတုန့်ပြန်မှုကြောင့် ဘယ်လိုတုန့်ပြန်ရရင်ကောင်း မလဲဆိုတာ အကြံရခက်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ရင် သူတို့ စစ်အာဏာရှင် စံနစ် ရေရှည်တရားဝင်တည်မြဲရေးအတွက် ကျားကုတ်ကျားခဲ စနစ်တကျရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ကိုလည်း မလွှဲမရှောင်သာ ပြန်ပြီးပြင်ဆင်ပေးရမယ့် အခြေအနေဆိုက်လာတော့မယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်လည်းနိုင် ရှုံးလည်းနိုင် ဖြစ်အောင်စီစဉ်ထားတဲ့ကောက်ကျစ်စဉ်းလဲတဲ့ မဟာဗျူဟာကြီးလည်း ပျက်စီးဆုံးရှုံးရတော့မယ့်ကိန်းဆိုက်သွားနိုင်တဲ့ အခြေအနေကို စစ်အစိုးရ ကြုံတွေ့နေရပါပြီ။

အဲဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ချခံနေရတဲ့ နေအိမ်ကို အမေရိကန်နိုင်ငံသား “ရက်တော” ဆိုသူက တိုက်တိုက်ဆိုင် ဆိုင်ပဲ ရေကူးဝင်ရောက်သွားခဲ့ပါတယ်။ ဖြစ်ရပ်မှန် အကြောင်းရင်းမှန်ကို တတ်နိုင်သမျှ အချက်အလက်အထောက်အထား ရအောင်ရှာဖွေ စုဆောင်းပြီး စဉ်းစားကြရပါလိမ့်မယ်။ အမှန်ကန်နိုင်ဆုံး ဖြစ်တန်ရာခြေ အရှိဆုံးကို စဉ်းစားဖော်ထုတ်ဖွင့်ချပြီး အမှန်တရား တရားမျှတမှု လူ့အခွင့်အရေး ဒီမိုကရေစီရေးနဲ့ ပြည်သူလူထုဘက်က ပြတ်ပြတ်သားသား ရပ်တည်ကာကွယ်ကြရပါလိမ့်မယ်။ စစ်အစိုးရရဲ့ အခုလုပ် ရပ်ပေါ်မှာ ပြည်တွင်းက သည်းမခံနိုင်တော့ကြောင်း တုန့်ပြန်လာသံတချို့ကို ကြားလာရသလို ပြည်ပရောက်အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေဘက်က တုန့်ပြန်ပြော ဆိုလာတာတွေလည်း ကြားလာနေရပါပြီ။ သိပ်တော့မကျယ်ပြန့်လှသေးပါဘူး။ အာဆီယံဥက္ကဌ ထိုင်းနိုင်ငံ၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျှ၊ အမေရိကန်နဲ့ နော်ဝေးနိုင်ငံခေါင်းဆောင်တွေရဲ့ သဘောထားတွေ ကန့်ကွက်ပြစ်တင် ရှုံ့ချမှုတွေ ကိုလည်းကြားလာရပါပြီ။ စစ်အစိုးရကတော့ မီးစင်ကြည့်ပြီး ကသွားပါလိမ့်အုံးမယ်။ ဒီနေရာမှာ ကျနော် အားရကြေနပ်လိုက် ရတဲ့ တုန့်ပြန်မှု တခုဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သုတေသနနဲ့ လေ့လာရေးဌာနက ထုတ်ပြန်လိုက်တဲ့ ဝေဖန်သုံးသပ်ချက် (၅/၂၀၀၉) ကို ကျနော် ဖော်ပြချင်ပါတယ်။

သိမ်ဖျဉ်းသေးနုတ်ပြီး ဆိုးညစ်သော လုပ်ဆောင်မှု
(၂၀၀၉ ခုနှစ်၊ မေလ ၁၅ ရက် )

အခြေအနေကား အိမ်ချုပ်ချထားသည့် အနေအထားမှ အင်းစိန်ထောင်သို့ပို့ပြီး ထောင်ချပစ်မည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပါပြီ။ ထို့အပြင် (နအဖ) စစ်အစိုးရ၏ အကြမ်းဖက်ဖိနှိပ်မှုနှင့် ဆိုးညစ်မှုများမှာ ကမ်းကုန်အောင်ပွင့်ကျခဲ့ပြီလည်းဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွန်ခဲ့သည့် ဧပြီလ (၂၈/၂၉) ရက်များတွင် အစည်းဝေးပြုလုပ်ခဲ့သည်။ ယင်းအစည်းဝေးပွဲကို (နအဖ) စစ်အစိုးရဘက်က နှောက်ယှက်မှုမရှိခဲ့။ ယင်းသို့နှောက်ယှက်မှုမရှိခြင်းမှာ (နအဖ) စစ်အစိုးရက သဘောထားကြီးလွန်းလှ၍ မဟုတ်။ ဒီတခါ အစည်းဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂ ခြမ်းကွဲလိမ့်မည်ဟူသော အပိုင်တွက်ကိန်းနှင့်လွှတ်ပေးလိုက်ခြင်းသာဖြစ်သည်။ စေတနာဆိုးဖြင့် “ဟ” ပေးလိုက် ခြင်းသာဖြစ်သည်။

သို့သော်လည်း ထိုအစည်းဝေးတွင် (နအဖ) စစ်အစိုးရဆင်ထားသည့်အကွက်၊ တွက်ထားသည့် တွက်ကိန်းအတိုင်းဖြစ်မလာခဲ့။ (နအဖ) စစ်အစိုးရ ဆင်ထား/တွက်ထားသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကွဲပြဲမသွားဘဲ ပျော့ပြောင်း၍ အမြော်အမြင်ရှိသော “ရွှေဂုံတိုင် ကြေညာချက်” ထွက်လာခဲ့ပါသည်။

မေလနှောင်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်ချထားရာမှ လွှတ်ပေးရတော့မည်။ လွှတ်မပေး၍မရတော့။ (နအဖ) စစ်အစိုး ရက လွှတ်မပေးချင်။ တိုင်းပြည်နှင့်ပြည်သူ့အကျိုးကို ရှေ့ရှုထားသည့် ရွှေဂုံတိုင်ကြေညာချက်ကလည်း ထွက်လာပြီ။ မကြာခင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လည်းပြန်လွတ်လာတော့မည်။ သို့ဖြင့် ၂၀၀၉ ခုနှစ် မေလသည် ထိုသို့သောမျှော်လင့်ချက် များဖြင့် ဝင်းပနေတော့သည်။

“ရွှေဂုံတိုင်ကြေညာချက်” ကို စွဲကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်က လူထုကို စည်းရုံးလှုပ်ရှားလာခဲ့သော် (နအဖ) စစ်အစိုးရ၏ ဖွဲစည်း ပုံအခြေခံဥပဒေ (၂၀၀၈) သည်လည်းကောင်း၊ (၂၀၁၀) ရွေးကောက်ပွဲ အိပ်မက်သည်လည်းကောင်း ကြီးမားသောစိန်ခေါ်မှုနှင့် ရင်ဆိုင်ရ တော့မည်။ ယင်းအချက်သည် (နအဖ) စစ်အစိုးရအတွက် ထိပ်လန့်တုန်လှုပ်ဖွယ်ရာကိစ္စကြီး ဖြစ်သည်။

ယင်းသို့သော အခြေအနေတွင် ခိုးကြောင်ခိုးဝှက် ရေကူးဝင်လာသည့် “ယက်တော” သည် ရေနစ်တော့ မည့် (နအဖ) စစ်အစိုးရအတွက် “ကောက်ရိုးတမျှင်” ဖြစ်ခဲ့ပုံရသည် သို့တည်းမဟုတ် “ယက်တော”နှင့် (နအဖ) စစ်အစိုးရတို့ လက်ဝါးခြင်းရိုက်အကွက်ဆင်ခဲ့ပုံလည်း ဖြစ်နိုင်စရာရှိသည်။

တကယ်တော့ (နအဖ) စစ်အစိုးရ အကြောက်ရွံ့ဆုံးကိစ္စမှာ “ရွှေဂုံတိုင်ကြေညာချက်” နှင့် လွတ်မြောက်လာမည့် ဒေါ်အောင်ဆန်းစုကြည် တို့ ပေါင်းစပ်သွားပြီး ပြည်သူလူထုကြီးနိုးကြားထကြွလာကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) နှင့် (၂၀၁၀) ရွေးကောက်ပွဲ ထိပါးခံရ မည့်ကိစ္စသာဖြစ်သည်။ ဗိုလ်သန်းရွှေ က အထိပါးမခံနိုင်ဟု မတ်လ (၂၇) ရက်နေ့ကဗြောင်ပြောထားပြီးလည်းဖြစ်သည်။

သို့အတွက် ယခုကဲ့သို့ မတရားသဖြင့် (ပုဒ်မ ၂၂ အရ) စွဲချက်တင်လိုက်ခြင်းဖြစ်သည်။

ထိုသို့ မတရားသဖြင့် စွဲချက်တင်လိုက်သဖြင့် အခြေအနေက ပိုပြီးတင်းမာရှုတ်ထွေးလာသည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်း ပြည်နှင့် လူထုအကျိုးရှေ့ရှုပြီး သင့်မြတ်ပြေလည်ရေးလက်ကို ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း (နအဖ) စစ်အစိုးရက အာဏာကို ဖက်တွယ်ပြီး အညှိုးအာဃာတဖြင့် ကျောခိုင်းပစ်ပယ်ခဲ့ပြန်ပြီ။

သို့ပါ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ်ထားရှိသည့် ပြည်သူလူထု၏ ထောက်ခံမှု၊ စာနာထောက်ထား မှုများကို ခိုင်မာညီညွတ်သောအင်အားအဖြစ်ပြောင်းပြီး (နအဖ) စစ်အစိုးရ၏ ဖိနှိပ်မှုမှန်သမျှကို ပြတ်ပြတ်သားသားဆန့်ကျင်ကြရန်မှ တပါး အခြားနည်းလမ်းမရှိတော့ပါ။

ဒါကတော့ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး၊ ဒီမိုကရေစီရေးအတွက် စူးစူးနစ်နစ်ဆောင်ရွက်နေတဲ့ ပြည်ပ ရောက် နိုင်ငံရေးပါတီတခုဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ရှင်းလင်းပြတ်သားတဲ့ အမြင်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံတ၀ှန်း လုံးက ပြည်သူလူထုအားလုံးနဲ့ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေ၊ လက်နက်ကိုင်အင်အားစုတွေအားလုံးက ဒီလိုရှင်းရှင်း လင်း လင်း ပြတ်ပြတ်သားသား မြင်နိုင်ကြဖို့၊ စစ်အာဏာရှင်အစိုးရရဲ့ မတရားဖိနှိပ်ညှင်းပမ်းမှုတွေကို ရဲရဲရင့်ရင့် ဆန့်ကျင်တွန်းလှန် ကြဖို့ဟာ ဒီကနေ့ အရေးအကြီးဆုံးဖြစ်ပါကြောင်းနဲ့ သက်ကယ်ဆေးလို့ သူတို့ထင်တဲ့ဆေးချက်ကို သူတို့ထိုးလိုက်ပါပြီ၊ သက်ကယ်ဆေးဖြစ်မဖြစ် ဆိုတာကိုတော့ မကြာမတင်မှာ မြင်သာထင်ရှားဖြစ်လာမှာဖြစ်တဲ့အကြောင်း….။ ။

HACKING YEAR 2009

နာရေးကူညီမှုအသင်း

မင်းနိုင်သူ / ၈ မေ ၂၀၀၉


ရန်ကုန်စည်ပင်သာယာရေးကော်မတီ၏ ဖိအားပေးမှုကြောင့် နာရေးကူညီမှုအသင်းက လုပ်ကိုင်နေသည့် သုခကုသိုလ်ဖြစ်ဆေးခန်းကို သင်္ဃန်းကျွန်းမြို့နယ်မှ မြောက်ဒဂုံမြို့နယ်သို့ ရွှေ့ပြောင်းပေးရတော့မည်ဖြစ်သည်။

“မြောက်ဒဂုံမှာ အဆောက်အဦတွေ ဆောက်နေပါပြီ။ ပြီးတော့မပြီးသေးဘူးပေါ့။ ဒါပေမယ့် ရန်ကုန်စည်ပင်က
(၃၁-၇-၂၀၀၉) ရက်မှာ အပြီးရွှေ့ပေးရမယ်ဆိုတော့ ဆေးခန်းကို အဓိကထားဆောက်နေရတာပေါ့။ အသင်းရထားတဲ့ မြေကွက်ကလည်း နဂိုက ပလတ်စတစ် အမှိုက်ပုံကြီးဆိုတော့ (၇) ပေလောက်တူးလည်း မြေသားကို မတွေ့ရသေးဘူး။ အဲလိုအခက်အခဲတွေ ဖြစ်နေတာပေါ့” ဟု နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

သုခဆေးခန်းတွင် မျက်စိ၊ အရိုးအကြော၊ သားဖွားမီးယပ်၊ အရေပြား၊ ကလေးအထူးကု စသည့် ဌာနခွဲများရှိရာ နေ့စဉ်လူနာ (၁၀၀) ကျော် လာရောက် ဆေးကုသခံလေ့ရှိသည်။

“လက်ရှိကုသဆဲလူနာတွေလည်း ဟိုဘက်ကိုပြောင်းသွားပြီဆိုရင် လိုက်ကြရတာ အခက်အခဲတော့ ရှိမှာပေါ့လေ။ ဒါပေမယ့်လည်း လိုက်ကြလိမ့်မယ်ထင်တယ်လေ။ ကျနော်တို့ဆီမှာ နယ်ကနေလာပြီး ဆေးကုသခံတဲ့ လူနာတွေ တောင် ရှိနေတော့ ဟိုဘက်ရောက်သွားလည်း လူနာအရေအတွက်က ကျဆင်းသွားမယ်လို့ မထင်ဘူး။ နောက် မြောက်ဒဂုံဘက်မှာက ဆင်းရဲချို့တဲ့သူတွေများတော့ သူတို့အတွက် ပိုပြီးအကျိုးရှိမယ်လို့ ကျနော်မြင်တယ်” ဟု ဦးကျော်သူက ပြောသည်။

ပြည်တွင်း စီးပွားရေးကျဆင်းမှုများကြောင့် အလှူငွေရရှိမှု ကျဆင်းနေချိန်တွင် မြောက်ဒဂုံသို့ အသင်းရုံး ပြောင်းရွှေ့လိုက်ရသည့်အတွက် အလှူငွေရရှိမှု ပိုကျနိုင်သည်ဟု ၎င်းက သုံးသပ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း နာရေးကူညီမှုအသင်းပိုင် နိဗ္ဗာန်ယာဉ်များကို ရေဝေးသုသာန်သို့ ရွှေ့ပြောင်းရန် ရန်ကုန်စည်ပင်က ဖိအားပေးခဲ့သည်။

“ကားထားဖို့ ဂိုဒေါင်တော့ ဆောက်ပြီးသွားပြီ။ ကား (၁၅) စီးစာ ဆန့်အောင်တော့ ဆောက်လိုက်ရတာပေါ့။ ကျနော်တို့လိုချင်တဲ့ မြေကွက်အတိုင်းအတာအတိုင်း ပေးတာမဟုတ်ဘူး။ သူတို့ချပေးတဲ့ အတိုင်းအတာအတိုင်း ကျနော်တို့က ဆောက်ရတာ။ ကားတွေအားလုံးလည်း မနက်ဖြန်ရွှေ့ရမယ်” ဟု ဦးကျော်သူက ရှင်းပြသည်။

နာရေးကူညီမှုအသင်းမှ တရက်လျှင် နာရေးကိစ္စပေါင်း (၄၀) နှင့် (၅၀) အကြား လက်ခံဆောင်ရွက်ပေးနေသည်။

နာရေးကူညီမှုအသင်းကို ကွယ်လွန်သူ ဒါရိုက်တာကြီး ဦးသုခ၏ ဦးဆောင်မှုဖြင့် ၂၀၀၁ ခု ဇန်န၀ါရီလအတွင်း ထူထောင်ခဲ့သည်။

အသင်းသား (၂၀၀) ကျော်ရှိကာ အားလုံး စေတနာ့ဝန်ထမ်းများဖြစ်ကြပြီး အသင်းသား (၃၀) ခန့်က နေ့စဉ် နာရေး၊ ကျန်းမာရေးကိစ္စရပ်များကို ဆောင်ရွက်ပေးနေကြသည်။

ကဗျာ

စက်တင်ဘာ ကမ္ဘာမကြေ

ရွှေဝါရောင် မြင့်မြတ်ခြင်းတို့ရဲ့

သွေးရောင်လွှမ်း  သမိုင်းစာမျက်နှာ

တစ်နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီ အမေ …

ဒါပေမယ့်

သားတို့ရဲ့ ရင်ထဲမှာတော့

လမ်းမပေါ်က သွေးစက်တွေ၊

ငြိမ်းချမ်းခြင်း တရားတွေ၊  ယမ်းငွေ့ဝေနေတဲ့ သေနတ်ပြောင်းတွေ၊

မေတ္တာပို့ အမျှဝေသံတွေ၊  ကျည်ဆန်ရာ ဗရပွနဲ့ အလောင်းတွေ

ခေါင်းကိုမော့ ရင်ကော့ပြီး ရှေ့ကို တလှမ်းခြင်း တက်လာနေတဲ့  ခြေလှမ်းတွေ

ယုတ်ရင့် ကြမ်းတမ်းတဲ့  အော်ဟစ်ဆဲဆိုသံတွေ၊

ဒါတွေဟာ   ကမ္ဘာတည်သရွေ့

ဘယ်တော့မှ မေ့ဖျောက်လို့ မရတဲ့ ပုံရိပ်တွေပါ  အမေ။

ဒီမိုကရေစီ အတွက်

လူ့အခွင့်အရေး အတွက်

အမှန်တရား အတွက်

တန်းတူညီမျှရှိရေး အတွက်

လူအခြင်းခြင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ

မေတ္တာသံ အေးအေးလေး ရွတ်ဆိုလို့

သားတို့အပေါ် နှစ်(၄၀)ကျော် နင်းထားတဲ့

စစ်ဖိနပ်တွေကို တွန်းဖယ်ဖို့

တောင်းဆိုခဲ့ ကြတာလေ။

ကျောင်းတိုက်ကြီးတွေပေါ်က

ဗုဒ္ဓရဲ့ သားတော်

မြင့်မြတ်တဲ့ သံဃာတော်တွေက စလို့

လမ်းမတွေပေါ်ဆင်း

ကတ္တရာ အရည်ပျော်လုလု

နေမင်းရဲ့ အပူရှိန်အောက်က လမ်းတွေကို

ခြေဗလာတွေနဲ့ နင်းလို့၊

၂၅.၉.၂၀၀၇

ရွှေတိဂုံဘုရား ခြေတော်ရင်းက

စုဝေးနေတဲ့ သံဃာထုရှေ့

ဟေး”  ကနဲဆို တချက်ကြား

ကောင်းကင်ပေါ်မှာ ဒေါင်းအလံ ငွားငွား စွင့်စွင့်

အဲ့ဒါ ကျောင်းသား

ပြည့်သူ့အရေး ဘယ်တော့မှ လက်မနှေးတဲ့

ဗမာပြည်က ကျောင်းသား။

စာသင်ခန်းမတွေကို ကျောခိုင်းလို့

ကိုယ့် ၀ိဉာဉ်ကိုယ် လွယ်အိတ်ထဲထည့်

အရွယ်နဲ့ မလိုက်အောင် မြင့်မြတ်တဲ့ စိတ်နဲ့

သေနတ်ပြောင်းဝတွေဆီကို တရွေ့ရွေ့လှမ်း

ဘယ်တော့မှ ခေါင်းမငိုက်စတမ်း ချီတက်နေတာ

အမေ ခဏခဏ ဆုံးမနေရတဲ့

ဟေးလေးဝါးလား အမေ့သားတွေ အမေ၊

ပေါ့ပေါ့နေ ပေါ့ပေါ့စား၊ ပေါ့ပေါ့သွားပေမယ့်

အမှန်တရားအတွက် ဆယ်ခါပြန် သေရဲတယ် အမေ။

ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်မှာ

သံဃာသွေးမြေ ကျခဲ့ရပြီ” တဲ့

တကြော်ကြော် အော်နေတဲ့ အသံ

ရင်ထဲမှာ တ၀ုန်းဝုန်း လှိုင်းထန်သွားခဲ့၊

မျက်ရည်လည်ရွှဲနဲ့ ကမ္ဘာမကြေ သီချင်းဆိုကြ

အောက်နှုတ်ခမ်းတွေကို ပြတ်ထွက်လုမတက် ကိုက်ထားကြ

ဒဏ်ရာရနေတဲ့ ဦးခေါင်းတွေကို ခွပ်ဒေါင်းအလံ အနီရဲရဲ စည်းကြ

တစ်ယောက်လက်ကို တစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်ထားကြလို့

ပွက်ပွက်ဆူနေတဲ့ သားတို့သွေးတွေနဲ့မှ

ခြေဆေးချင်တဲ့ အဲဒီ စစ်ဘီလူးတွေကို

ဘယ်လိုစိတ်နဲ့ ခွင့်လွတ်ရမလဲ အမေ၊

အမေ့ ရှေ့မှာပဲ သစ္စာဆိုပါရစေ

ဟောဒီ မဟာပထ၀ီမြေ ရှိနေသရွေ့

စစ်အာဏာရှင် ခွေးဘီးလူးတွေကို

ဘယ်တော့မှ ကမ္ဘာမကြေဘူး။

အမေ့သား

မျိုးဆက်

မေ့ပျောက်နေသောသေခြင်းတရား

တစ်ခါက ကုန်သည်တစ်စုဟာ ကန္တာရထဲမှာ ခရီးသွားရင်း ညပိုင်းမှာ ခဏနားနေကြတယ်။
အဲဒီအချိန်မှာ သူတို့ထဲက တစ်ယောက်က အဲဒီပတ်ဝန်းကျင်မှာ မြင်းကျောင်းဖို့
ထွက်သွားခဲ့တယ်။ သူမြင်းကျောင်းနေရင်းနဲ့ ရေတွင်းကြီးတစ်တွင်းကို
တွေ့လိုက်တယ်။ သူ ရေတွင်းထဲကို ငုံ့ကြည့်တဲ့ အခါမှာတော့ အရောင်တွေ
တဖျပ်ဖျပ်တောက်နေတဲ့ စိန်တွေကို တွေ့ရတယ်။
ဒါနဲ့ သူလည်း သူ့သူငယ်ချင်းတွေကို သွားခေါ်ပြီး စိန်တွေကိုပြတော့ အားလုံးက
ဆင်းယူဖို့ သဘောတူကြတယ်။ဒါနဲ့ သူတို့မှာ ပါလာတဲ့ ကြိုးတွေကို ဆက်ပြီး
ရေတွင်းအောက်ကို ဆင်းဖို့ လုပ်တယ်။ ဒါပေမယ့် တွင်းက အရမ်းနက်လွန်းတော့
ပါလာတဲ့ ကြိုးနဲ့ မလောက်ဘူးဖြစ်နေတယ်လေ။ ဒါနဲ့ သူတို့ရဲ့
အ၀တ်တွေအားလုံးကိုပါ ကြိုးအနေနဲ့ ဆက်ပြီး တွင်းထဲကို ချကြတယ်။
နောက်ဆုံးမှာ ကြိုးက ရေတွင်းအခြေကိုရောက်သွားတယ်။
ဒီတော့ သူတို့ထဲက တစ်ယောက်က စပြီး ရေတွင်းကြီးထဲကို ဆင်းတယ်။ သူဟာ
ရေတွင်းထဲကို ဆင်းရင်းဆင်းရင်းနဲ့ ရေတွင်းအောက်ခြေနားကို ရောက်တဲ့ အခါ
ကြည့်လိုက်တော့ စိန်တွေမဟုတ်ပဲ မြွေတွေဖြစ်နေတယ်။ တကယ်တော့ ရေတွင်းထဲက
မြွေတွေကို ရေတွင်းအပေါ်ကနေကြည့်တော့ လရောင်ကြောင့် မြွေမျက်လုံးတွေဟာ
အရောင်တွေ တောက်နေတော့ စိန်တွေလို့ ထင်ကြတာကိုး။ မြွေတွေကို
မြင်လိုက်ရတယ်ဆိုရင်ပဲ အဲဒီလူဟာ အပေါ်က လူတွေကို လှမ်းအော်ပြီး ပြောတယ်။
“ အောက်မှာ စိန်တွေမဟုတ်ဘူးဟေ့ … မြွေတွေ မြွေတွေ တစ်ယောက်မှ မဆင်းခဲ့နဲ့နော် ”

လို့ပြောတော့ အပေါ်က လူတွေက စဉ်းစားကြတယ်။ သူတို့ မြင်နေရတာကလည်း စိန်တွေ။
အရောင်တွေကို တောက်လို့။ အောက်ကို ဆင်းသွားတဲ့ လူက ပြောတာ မြွေတွေဆိုတော့
အောက်ကတစ်ယောက်ဟာ စိန်တွေကို တစ်ယောက်ထဲ အပိုင်စီးချင်လို့ ငါတို့
မလာအောင်ပြောတာပဲလို့ စဉ်းစားကြတယ်။ အောက်ကို ဆင်းသွားတဲ့ တစ်ယောက်ကလည်း
သူ့အပေါ်က လူတွေကို အော်ပြောရင်းနဲ့ပဲ အသံတိတ်သွားခဲ့တယ်။ ဒါနဲ့
နောက်တစ်ယောက် ရေတွင်းထဲကို ထပ်ဆင်းတယ်။ နောက်တစ်ယောက်လည်း ရေတွင်း
အောက်ကို ရောက်တော့ မြွေတွေကို တွေ့ပြီး
“အော်.. ပထမလူပြောသွားတာ တကယ်ပါလား.. ငါတို့ မယုံခဲ့တာ မှားတာပဲ ”
ဆိုပြီး နောင်တတွေ ရသတဲ့ …။ နောက်ပြီး အပေါ်ကလူတွေကို
အရင်လူပြောသွားသလိုပဲ အော်ပြောတယ်။ အဲလိုပြောသံကိုကြားတဲ့ အပေါ်ကလူတွေဟာ
“ အင်း… နောက်တစ်ယောက်လည်း စိန်တွေကိုတွေ့တာနဲ့ လောဘတက်ပြီး
အရင်တစ်ယောက်နဲ့ ပေါင်းပြီး နှစ်ယောက် အပိုင်စီးဖို့ ကြံနေကြပြီ ”
လို့ ထင်ကြတယ်။ ဒီလိုနဲ့ပဲ အောက်ကိုရောက်နေတဲ့လူဟာ အပေါ်ကလူတွေကို
အော်ပြောနေရင်းနဲ့ပဲ ပထမဆင်းသွားတဲ့ လူလို အဖြည်းဖြည်း
အသံတိတ်သွားပြန်တယ်။ ဒါနဲ့ အပေါ်က တတိယမြောက်အနေနဲ့ ထပ်ဆင်းပြန်တယ်..။
သူလည်း ပထမလူနဲ့ ဒုတိယလူလိုပဲ အောက်ရောက်တော့မှ နောင်တတွေရပြီး အပေါ်ကို
ပြန်အော်ပြောရင်း အသံတိတ်သွားပြန်တယ်။ ဒီလိုနဲ့ပဲ
တစ်ယောက်ပြီးတစ်ယောက်ဆင်းသွာြး

ပီး နောက်ဆုံး တစ်ယောက်မှ မကျန်တော့ပဲ
ရေတွင်းထဲက မြွေစာမိကုန်တယ်လေ..။
———————————–
ဒီပုံပြင်လေးအတိုင်းပဲပေါ့ဗျာ.. ခုခါမှာတော့ ကျွန်တော်တို့ရဲ့
အိမ်ထောင်ကျပြီးသား အစ်ကိုတော်တွေဟာ
“ညီလေးတို့ မိန်းမမယူကြနဲ့ မှားမယ်၊ ဒုက္ခရောက်လိမ့်မယ် ”
လို့ ဆိုတာကို ကျွန်တော်တို့လူငယ်တွေကလည်း
“ အင်း.. ဒီလူကြီးက သူကျ မိန်းမယူပြီး ပျော်ရွှင်နေပြီးတော့ ငါတို့ကျတော့
မယူရဘူးတဲ့ ”
ဆိုပြီး စဉ်းစားကြတယ်ပေါ့ဗျာ..။ ကျွန်တော်တို့ မြင်နေရတာကလည်း
အဆီတ၀င်းဝင်းနဲ့ကိုးဗျ။ ပုံပြင်ထဲကလိုဆိုရင်တော့ ကျွန်တော်တို့ဟာ
ရေတွင်းပေါ်ကနေကြည့်ပြီး စိန်တွေကို မြင်နေသလိုဖြစ်နေတာပေါ့ဗျာ.။ ကဲ
အဲဒီတော့ ဆက်ပြီးစဉ်းစားကြည့်ပေါ့ဗျာ… ဒီပုံပြင်လေးနဲ့ ပတ်သက်ပြီး
အများကြီး မြင်ကြည့်လိုရပါတယ်.. ဟုတ်တယ်ဟုတ်။
ဒီပုံပြင်လေးနဲ့ ဒီအကြောင်းအရာကို စာအုပ်တစ်အုပ်က ဖတ်ဖူးတာပါ..
ခုပြန်စဉ်းစားတာ ဘယ်လိုမှစဉ်းစားမရတော့ဘူးဖြစ်နေတယ်။ သိရင်လည်း
ပြောပြပေးကြပါဦးဗျ..။

လူတစ်ယောက်ဖြစ်လာခဲ့ပြီဆိုရင် မဖြစ်မနေ ရင်ဆိုင်ရမှာက သေခြင်းတရားပါ…။
လူတွေ တော်တော်များများ မေ့နေကြတာ ကလည်း အဲဒီ သေခြင်းတရားပါပဲ..။
ခုခေတ်ဆိုရင် လူတစ်ယောက်ရဲ့ သက်တမ်းဟာ (၇၀) တန်းပါ…။ ကျွန်တော်တို့
အနေနဲ့ ဒီလူ့ဘ၀ကြီးမှာ အသက် (၇၀) ထိ နေရမယ်ဆိုရင်တောင် ရက်ပေါင်း
ဘယ်လောက်မှ မကျန်တော့ပါဘူး..။ ခုချိန်ထိ ကျွန်တော်တို့အနေနဲ့ လောကကို
ဘာတွေများ အကျိုးပြုပြီးပြီလဲ..။ တချို့တွေဆိုရင် လုပ်စရာရှိတာတွေမလုပ်ပဲ
နေ့ရွှေ့ ညရွှေ့ လုပ်နေကြတာတွေ အများကြီးပါပဲ.. ။ လူငယ်အများစုက ” ငါတို့ဟာ
အသက်ငယ်သေးတယ် ” လို့ ပြောကြတယ်..။ဒီလိုဆိုရင် အသက် ၁၆ နှစ်ရှိတဲ့
လူငယ်တစ်ယောက်ဟာ ယခုခေတ် လူ့ဘ၀သက်တမ်း (၇၀) မှာ ရက်ပေါင်း
ဘယ်လောက်နေရဦးမယ်လို့ ထင်ပါသလဲ..။သေချာတွက်ကြည့်လိုက်မယ်ဆိုရင် သူဟာ
ရက်ပေါင်း (၁၉၇၁၀) ပဲ နေရတော့မှာပါ.. ။ တစ်ရက်နဲ့ တစ်ရက် ဆိုတာဟာလည်း
ဖင်လှည့် ခေါင်းလည့်နဲ့ ခဏလေးပဲ မဟုတ်ပါလား…။ ဒီတော့ ကျွန်တော်တို့
အနေနဲ့ သေခြင်းတရားဆိုတာကို ခေါင်းထဲမှာ ထားပြီး ကိုယ်လုပ်ရမယ့် အလုပ်ကို
ပြီးအောင် လုပ်ကြဖို့ အရေးကြီးတယ်ဆိုတာ မဟုတ်ပါလား…။
ဒီတော့ ခုချိန် ကိုယ့်အသက်ဟာ ဘယ်လောက်ရောက်လျှင် နောက်ထပ်ရက်ပေါင်း
ဘယ်လောက်နေရဦးမလဲ ဆိုတာကို ကြည့်လိုက်ပါဦး…။
ယခုရောက်ရှိနေသော အသက် ကျန်ရှိသောရက်ပေါင်း
• ( ၁၆ ) နှစ် – ၁၉၇၁၀ ရက်
• ( ၁၇ ) နှစ် – ၁၉၃၄၅ ရက်
• ( ၁၈ ) နှစ် – ၁၈၉၈၀ ရက်
• ( ၁၉ ) နှစ် – ၁၈၆၁၅ ရက်
• ( ၂၀ ) နှစ် – ၁၈၂၅၀ ရက်
• ( ၂၁ ) နှစ် – ၁၇၈၈၅ ရက်
• ( ၂၂ ) နှစ် – ၁၇၅၂၀ ရက်
• ( ၂၃ ) နှစ် – ၁၇၁၅၅ ရက်
• ( ၂၄ ) နှစ် – ၁၆၇၉၀ ရက်
• ( ၂၅ ) နှစ် – ၁၆၄၂၅ ရက်
• ( ၂၆ ) နှစ် – ၁၆၀၆၀ ရက်
• ( ၂၇ ) နှစ် – ၁၅၆၉၅ ရက်
• ( ၂၈ ) နှစ် – ၁၅၃၃၀ ရက်
• ( ၂၉ ) နှစ် – ၁၄၉၆၅ ရက်
• ( ၃၀ ) နှစ် – ၁၄၆၀၀ ရက်
• ( ၃၁ ) နှစ် – ၁၄၂၃၅ ရက်
• ( ၃၂ ) နှစ် – ၁၃၈၇၀ ရက်
• ( ၃၃ ) နှစ် – ၁၃၅၀၅ ရက်
• ( ၃၄ ) နှစ် – ၁၃၁၄၀ ရက်
• ( ၃၅ ) နှစ် – ၁၂၇၇၅ ရက်
• ( ၃၆ ) နှစ် – ၁၂၄၁၀ ရက်
• ( ၃၇ ) နှစ် – ၁၂၀၄၅ ရက်
• ( ၃၈ ) နှစ် – ၁၁၆၈၀ ရက်
• ( ၃၉ ) နှစ် – ၁၁၃၁၅ ရက်
• ( ၄၀ ) နှစ် – ၁၀၉၅၀ ရက်
• ( ၄၁ ) နှစ် – ၁၀၅၈၅ ရက်
• ( ၄၂ ) နှစ် – ၁၀၂၂၀ ရက်
• ( ၄၃ ) နှစ် – ၉၈၅၅ ရက်
• ( ၄၄ ) နှစ် – ၉၄၉၀ ရက်
• ( ၄၅ ) နှစ် – ၉၁၂၅ ရက်
• ( ၄၆ ) နှစ် – ၈၇၆၀ ရက်
• ( ၄၇ ) နှစ် – ၈၃၉၅ ရက်
• ( ၄၈ ) နှစ် – ၈၀၃၀ ရက်
• ( ၄၉ ) နှစ် – ၇၆၆၅ ရက်
• ( ၅၀ ) နှစ် – ၇၃၀၀ ရက်
• ( ၅၁ ) နှစ် – ၆၉၃၅ ရက်
• ( ၅၂ ) နှစ် – ၆၅၇၀ ရက်
• ( ၅၃ ) နှစ် – ၆၂၀၅ ရက်
• ( ၅၄ ) နှစ် – ၅၈၄၀ ရက်
• ( ၅၅ ) နှစ် – ၅၄၇၅ ရက်
• ( ၅၆ ) နှစ် – ၅၁၁၀ ရက်
• ( ၅၇ ) နှစ် – ၄၇၄၅ ရက်
• ( ၅၈ ) နှစ် – ၄၃၈၀ ရက်
• ( ၅၉ ) နှစ် – ၄၀၁၅ ရက်
• ( ၆၀ ) နှစ် – ၃၆၅၀ ရက်
• ( ၆၁ ) နှစ် – ၃၂၈၅ ရက်
• ( ၆၂ ) နှစ် – ၂၉၂၀ ရက်
• ( ၆၃ ) နှစ် – ၂၅၅၅ ရက်
• ( ၆၄ ) နှစ် – ၂၁၉၀ ရက်
• ( ၆၅ ) နှစ် – ၁၈၂၅ ရက်
• ( ၆၆ ) နှစ် – ၁၄၆၅ ရက်
• ( ၆၇ ) နှစ် – ၁၀၉၅ ရက်
• ( ၆၈ ) နှစ် – ၇၃၀ ရက်
• ( ၆၉ ) နှစ် – ၃၆၅ ရက်
• ( ၇၀ ) နှစ် – ၀ ရက်
ငါသည် မုချသေရမည်။ အချိန်ပိုင်းသာ လိုတော့သည်။

www.forverfriends.ning.com မှကူးယူဖော်ပြ သည်။

စစ်အစိုးရပြစ်မှု စုံစမ်းဖို့ ဗြိတိသျှ ပါလီမန်အမတ်တွေ အဆိုပြု

စစ်အစိုးရပြစ်မှု စုံစမ်းဖို့ ဗြိတိသျှ ပါလီမန်အမတ်တွေ အဆိုပြု
07 May 2009

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်စုအပေါ်
ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ဟုတ်မဟုတ် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်
တရပ် ဖွဲ့စည်းပြီး စစ်ဆေးပေးဖို့ ဗြိတိသျှ ပါလီမန်အမတ်တွေက ဒီနေ့ပဲ ဗြိတိသျှပါလီမန်
မှာ အဆိုပြု တင်သွင်းလိုက်ပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထား
ပါတယ်။

ဒီအဆိုကို မြန်မာ့ဒီမိုကရေစီရေးအတွက် ပါတီစုံပါတဲ့ ဗြိတိသျှ ပါလီမန်အမတ်များအဖွဲ့ရဲ့
ဒုတိယဥက္ကဋ္ဌ အောက်လွှတ်တော်အမတ် ဂျွန်ဘကောင်းက ဦးဆောင်တင်သွင်းသွားတာ
ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့
ဒီအဖွဲ့အနေနဲ့ မကြာမကြာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုဖူးပါတယ်။ ဒီနေ့
ဗြိတိသျှပါလီမန်မှာ တင်သွင်းတဲ့ မြန်မာ့အရေး အဆိုပြုချက်နဲ့ ပတ်သက်ပြီး CSW
နိုင်ငံတကာ ခရစ်ယာန် သွေးစည်းညီညွတ်ရေးအဖွဲ့ရဲ့ ပြောခွင့်ရသူတဦးဖြစ်တဲ့
အလစ်ဇာ ပါပါဒိုးရပ်စ်ကို မေးမြန်းခဲ့ပါတယ်။

ဗြိတိသျှလွှတ်တော်ထဲမှာ ဒီနေ့ မြန်မာ့အရေး အဆိုပြုချက်ကို ဗြိတိသျှလွှတ်တော်
အမတ် ဘယ်လောက်လောက် ထောက်ခံခဲ့ကြပါသလဲ။

“ဗြိတိသျှ ပါလီမန်အမတ်တွေရဲ့ ဒီအဆိုပြုချက်ကို လွှတ်တော်အမတ် ၆၀ ကျော်က
လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီအဆိုပြုချက်ထဲမှာ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်
တရပ်အနေနဲ့ မြန်မာနိုင်ငံအတွင်း လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ
အတွက် စုံစမ်းစစ်ဆေးပေးဖို့ နိုင်ငံတကာအစိုးရတွေကို တောင်းဆိုထားတာပါ။ နေအိမ်
အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့အချိန်က
လည်း သီတင်း ၂ ပတ်လောက်ပဲ ကျန်တော့တာမို့ ဒီအချိန်ဟာ အချိန်အခါကောင်း
ပါပဲ။”

အခုလိုမျိုး မြန်မာနိုင်ငံတွင်းက လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု
ဟုတ်မဟုတ် ဒါကို စုံစမ်းစစ်ဆေးပေးဖို့ဆိုရင် အချက်အလက်တွေက ဘယ်လောက်
အထိ အခိုင်အမာရှိလို့ပါလဲ။

“မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းမှာ အရပ်သား ပြည်သူတွေအပေါ် လူ့အခွင့်အရေး
ချိုးဖောက်တဲ့ အချက်အလက်တွေကို စုဆောင်းတင်ပြထားတဲ့ အစီရင်ခံစာတွေ
အများကြီးရှိထားပြီးသားပါ။ ဒါတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်
ပြစ်မှုတွေ ဖြစ်တယ်လို့ ယူဆနေသူတွေ၊ ယုံကြည်နေသူတွေလည်း အများကြီးရှိပါတယ်။
ဒီအဖြစ်အပျက်ဆိုးတွေကို ကျမတို့ CSW အနေနဲ့ မှတ်တမ်းပြုစုထားတာ ရှိသလို တခြား
လူ့အခွင့်အရေးအဖွဲ့တွေမှာလည်း မှတ်တမ်းမှတ်ရာတွေ အများကြီးရှိပါတယ်။”

ပြဿနာတခုကတော့ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေတွေနဲ့
ပတ်သက်လို့ မြန်မာ့အိမ်နီးချင်း တရုတ် အပါအ၀င် အာဆီယံနိုင်ငံ တော်တော်များများ
က ဒါတွေဟာ ပြည်တွင်းရေးပဲဖြစ်တယ်ဆိုပြီး တစိုက်မတ်မတ် ပြောနေတာ ရှိပါတယ်။
တကယ်တမ်း ကုလသမဂ္ဂအနေနဲ့၊ နိုင်ငံတကာအနေနဲ့ ဒီပြဿနာတွေဟာ Crimes
against Humanity လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု ဟုတ်မဟုတ်
ဆိုတာ စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ဖွဲ့ရေးမှာ နိုင်ငံတကာအားလုံးက ပါဝင်လာနိုင်ပါ့
မလားခင်ဗျ။

“ဒီလိုဖြစ်ပျက်နေတာတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ လက်ခံအသိအမှတ်
ပြုဖို့ တာဝန်ရှိပါတယ်။ ဒီရာဇ၀တ်မှုတွေအတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး
ကော်မရှင်တရပ်ထားဖို့ ကြိုးပမ်းရမယ့်အချိန် ရောက်နေပါပြီ။ မြန်မာပြည်သူတွေအနေ
နဲ့ ဆက်ပြီးဖိနှိပ်ခံဖို့ မဖြစ်နိုင်တော့ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း
သိသိသာသာကြီးကို ပေါ်လွင်နေတာပါ။ ဒီတော့ တာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေကို
တရားဥပဒေနဲ့အညီ အရေးယူဖို့အတွက် ကမ္ဘာတ၀န်း နိုင်ငံအသီးသီးရဲ့ အစိုးရတွေမှာ
လုံးဝ တာဝန်ရှိပါတယ်။”

ဗြိတိသျှနိုင်ငံအခြေစိုက် CSW က ပြောခွင့်ရသူတဦးဖြစ်တဲ့ အလစ်ဇာ ပါပါဒိုးရပ်စ်
ရှင်းပြသွားတာ ဖြစ်ပါတယ်။

သူတို့အနေနဲ့ မြန်မာနိုင်ငံအတွင်းက အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ
Crimes against Humanity လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု
ဟုတ်မဟုတ်ဆိုတာ နိုင်ငံတကာအနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့၊ ဒီကနေပြီး ICC
နိုင်ငံတကာ ရာဇ၀တ်မှု တရားရုံးအထိ တင်သွင်းဖို့ ကြိုးစားသွားမယ်လို့လည်း
သူမက ပြောဆိုခဲ့ပါတယ်။
ကိုသားညွန့်ဦး

Forwarded by  Yellow Breeze

7

6

5

4

3

1

ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ အမေရိကန်တဦး ရေကူးသွား

Print E-mail
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မေလ 07 2009 10:01 – မြန်မာစံတော်ချိန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအလံများ စိုက်ထူထားသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း။ ဓာတ်ပုံ- မဇ္ဈိမ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအလံများ စိုက်ထူထားသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း။ ဓာတ်ပုံ- မဇ္ဈိမ။

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန်နိုင်ငံသား Mr. John Willian Yeattaw သည် နေအိမ်အကျယ်ချုပ် ကျခံနေသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်းသို့ မေလ ၃ ရက် ညပိုင်းတွင် အင်လျားကန်တွင်းမှတဆင့် ရေကူး၍ သွားရောက် နေထိုင်ခဲ့ကာ ၂ ရက်ကြာ နေထိုင်ခဲ့သည်ဟု မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။

မစ္စတာ ဂျွန် ဝီလီယံသည် ဒေါ်ဆောင်ဆန်းစုကြည် နေအိမ်ဝင်းမှ မေလ ၅ ရက်ညပိုင်းတွင် ရေကူး၍ ပြန်ထွက်လာခဲ့သည်ဟု ယနေ့ထုတ် စစ်အစိုးရအာဘော် သတင်းစာက ရေးသားထားသည်။

သို့သော် နောက်တရက်နံနက် ၅း၃ဝ နာရီတွင် အင်ယားကန်အတွင်း ငါးလီတာဝင် ရေသန့်ဗူး အကူအညီဖြင့် ရေကူးနေစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များက သူ့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မစ္စတာ ဂျွန် ဝီလီယံသည် အမေရိကန်ပတ်စ်ပို့ (PP.No-4397677222/28.4.200) ကိုင်ဆောင်ထားသူဖြစ်ပြီး မြန်မာနိုင်ငံသို့ မေလ ၂ ရက်နေ့က ရောက်ရှိခဲ့သည်ဟု ပါရှိသည်။ ဖမ်းဆီး ရမိစဉ်က နိုင်ငံကူး လက်မှတ်နှင့် ကင်မရာတလုံး၊ ခေါက်ပလာယာ တလက်တို့ကိုပါ သိမ်းဆည်းရမိခဲ့သည် ဆိုသည်။





နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် တရားစွဲသင့်ဟု BLC ပြောကြား

Print E-mail
နယူးဒေလီ (မဇ္ဈိမ) ။ ။ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုများ အပါအဝင် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် မြန်မာ စစ်ဗိုလ်ချုပ်များအား နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် တရားစွဲနိုင်ရန်အတွက် အထောက်အထားနှင့် အချက်အလက်များကို စုဆောင်းနေပြီဟု မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီက ပြောသည်။

စစ်အစိုးရမှ တိုင်းသူပြည်သားများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် အမှုဖွင့်၍ တရားစွဲရန် လမ်းစများ ရှာဖွေနေကြောင်း ယနေ့ ပြောကြားခြင်း ဖြစ်သည်။

“မြန်မာပြည်သူလူထုအပေါ် စစ်အာဏာရှင်တွေရဲ့ ရက်စက်တဲ့ အပြုအမူတွေအတွက် သူတို့ကို ဘယ်လို တရားစွဲနိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ကျနော်တို့ ရှာဖွေနေပါတယ်” ဟု မြန်မာနိုင်ငံရှေ့နေများကောင်စီ – BLC ဥက္ကဋ္ဌ ဦးသိန်းဦးက မဇ္ဈိမကို ပြောသည်။

BLC ကို ပြည်ပရောက် မြန်မာရှေ့နေများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

စစ်အစိုးရအား နိုင်ငံတကာ ရာဇဝတ်ခုံရုံး – ICC တင်ရန် နည်းလမ်းရှာဖွေသည့် အဆင့်တဆင့် အနေဖြင့်၊ BLC သည် IFDH ခေါ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့ကြီးနှင့်အတူ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများ၊ မြန်မာ့အရေး တက်ကြွစွာ လှုပ်ရှားသူများနှင့် အခြား သူများကို ဖိတ်ခေါ်ပြီး ၂ ရက်ကြာ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည်။

“ဒီဆွေးနွေးပွဲဟာ မြန်မာနိုင်ငံမှာ ခံစားနေရတဲ့ ပြည်သူတွေအတွက် တရားမျှတမှုကို အကောင်းဆုံး ဘယ်လို ရရှိနိုင်မလဲနဲ့ ဒီ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တွေကို နိုင်ငံတကာ မိသားစုအနေနဲ့ ဘယ်လို အရေးယူ ဆောင်ရွက်နိုင်မလဲဆိုတာကို ဝိုင်းဝန်းအဖြေရှာတဲ့ ဆွေးနွေးပွဲပါ” ဟု ဦးသိန်းဦးက ပြောသည်။

မြန်မာစစ်အာဏာရှင်များအား ICC သို့ တင်ရန် လှုံ့ဆော်သည့် လှုပ်ရှားမှုကို ရှင်းလင်းကွဲပြားခြင်း မရှိသော စိတ်ကူးဖြင့် BLC က လွန်ခဲ့သော ၂ နှစ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ထိုစိတ်ကူးသည် ပိုမို အားကောင်းလာခဲ့ပြီး နိုင်ငံတကာ ကျွမ်းကျင်သူများ၏ စိတ်ဝင်စားမှုကို ဆွဲငှင်ယူနိုင်ပြီ ဖြစ်သည့်အပြင်၊ စစ်အုပ်စုကိုလည်း အလားတူ သတိပေးလိုက်ပြီ ဖြစ်သည်။

BLC နှင့် ၎င်း၏ မိတ်ဆွေ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် တရားမဝင်သော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ ဖြစ်ကြောင်း မြန်မာစစ်အစိုးရ၏ မြန်မာ့အလင်းသတင်းစာက ယခုလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

BLC နှင့် အဖွဲ့ဝင်များ၏ အပြုအမူများသည် နိုင်ငံတော် တည်ငြိမ်မှုကို ဘေးအန္တရာယ် ဖြစ်စေသောကြောင့် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ – နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက BLC နှင့် အဖွဲ့ဝင်များအား တရားမဝင်ကြောင်း ကြေညာလိုက်သည်ဟု သတင်းစာထဲတွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရ၏ ဤအပြုအမူသည် တိုက်ဆိုင်မှုတခု ဖြစ်နိုင်သော်လည်း၊ BLC ၏ ယခု လုပ်ဆောင်ချက်သည် ပိုမို၍ အရှိန်အဟုန် မြင့်တက်လာမည်ကို စစ်အစိုးရသည် ကြောက်လန့်နေကြောင်း မြန်မာစစ်တပ် အသိုင်းအဝိုင်းက မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲကျင်းပသည့် ယခုလ ၄ ရက်နှင့် ၅ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထိုင်းအစိုးရအား သံတမန်ရေးအရ ချဉ်းကပ်မှုများ ပြုလုပ်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။

မြန်မာစစ်အစိုးရသည် လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုများကို ပြစ်ဒဏ်မခံရ ဟူသော အသိဖြင့် မည်သို့ ကျူးလွန်နေကြောင်းနှင့် သူတို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် မည်သို့ တာဝန်ရှိကြောင်း မြန်မာ့အရေး လှုပ်ရှားသူများနှင့် နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများက ဆွေးနွေးပွဲတွင် ဆွေးနွေးကြသည်။

သို့ရာတွင် မြန်မာနိုင်ငံသည် ၂ဝဝ၂ ခုနှစ် ဇူလိုင်လတွင် ICC ကို တည်ထောင်ပေးခဲ့သည့် သဘောတူ စာချုပ်ဖြစ်သော ရောမ ဥပဒေကို သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိသည့်အတွက်၊ ICC အနေဖြင့် မြန်မာပြည်အပေါ် စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။

မည်သို့ပင်ဆိုစေ၊ သဘောတူစာချုပ်၏ ပိုင်နက်နယ်မြေဆိုင်ရာ တရားစီရင်ပိုင်ခွင့်နှင့် သက်ဆိုင်သည့် ဥပဒေအပိုဒ် တခုအရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ထိုသို့ ဆောင်ရွက်ရန် လွှဲအပ်ထားမှုအပေါ် အခြေခံပါက ICC အနေဖြင့် တရားစီရင်ပိုင်ခွင့် ရှိကြောင်း စာချုပ်က ခွင့်ပြုထားသည်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ခုံရုံးသို့ လွှဲအပ်ထားသော အခြေအနေတရပ် အောက်တွင်” ဟူ၍ ခုံရုံးအနေဖြင့် တရားစီရင် ဆုံးဖြတ်ရန် ခွင့်ပြုကြောင်း ထို ဥပဒေအပိုဒ်က ဖွင့်ဆိုထားသည်။

“လုံခြုံရေးကောင်စီကနေ ICC ကို လက်လွှဲဖို့ဆိုတာ ချက်ချင်း ဖြစ်လာမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီအတွက် ကျနော်တို့ လှုံ့ဆော် စည်းရုံးမှု ကမ်ပိန်းတွေ လုပ်နေပါပြီ” ဟု ဦးသိန်းဦးက ဆိုသည်။

မြန်မာစစ်အစိုးရ၏ အပြုအမူများသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မည်သို့ ခြိမ်းခြောက်နေကြောင်း လုံခြုံရေးကောင်စီသို့ တင်သွင်းမည်ဟု သူက ပြောသည်။

မြန်မာစစ်တပ်သည် မြန်မာပြည်သူများ၏ အခွင့်အရေးကို စနစ်တကျ ချိုးဖောက်နေခြင်းကြောင့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းလုပ်သား အမြောက်အမြားသည် ပြည်ပသို့ ထွက်ခွာနေရသည်ဟု လူ့အခွင့်အရေးအဖွဲ့များက စစ်အစိုးရအား စွပ်စွဲထားသည်။

မြန်မာပြည် အရှေ့ပိုင်းဒေသများတွင် စစ်အစိုးရ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ပြည်သူ ထောင်ပေါင်းများစွာသည် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပြီး တောတွင်း၌ ပုန်းရှောင်နေကြရသည်။


ဗုဒ္ဓဟူးနေ့၊ မေလ 06 2009 18:43 – မြန်မာစံတော်ချိန် မုံပီး

အပစ်ရပ်အဖွဲ့များ အသွင်ပြောင်းရေး စစ်အစိုးရက နောက်ဆုံးရက် သတ်မှတ်

အပစ်ရပ်အဖွဲ့များ အသွင်ပြောင်းရေး စစ်အစိုးရက နောက်ဆုံးရက် သတ်မှတ် Print E-mail
နယူးဒေလီ (မဇ္ဈိမ)။ ။ မိမိတို့ တပ်ဖွဲ့များကို အသွင်ပြောင်းလဲဖွဲ့စည်းရန် ယခုနှစ် စက်တင်ဘာလအထိ အချိန်ရကြောင်း တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့များကို မြန်မာစစ်အစိုးရက ပြောဆိုခဲ့သည်ဟု တိုင်းရင်းသား ဝ တပ်ဖွဲ့က မဇ္ဈိမကို ပြောသည်။

မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ထားသော အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်သော ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ထိပ်တန်း အရာရှိတဦးက စစ်အစိုးရက မိမိတို့ကို အသွင်ပြောင်း ဖွဲ့စည်းစေကြောင်းနှင့် အနိမ့်ဆုံးအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့အင်အား လျှော့ချစေလိုကြောင်း ပြောခဲ့သည်ဟု သိရခြင်းဖြစ်သည်။

“ကျနော်တို့ တပ်မတော်ကို အသွင်ပြောင်းဖွဲ့စည်းဖို့ နောက်ဆုံးရက်ကို စက်တင်ဘာ အပြီးလုပ်ရမယ်လို့ သူတို့ (စစ် အစိုးရ) က ရက်သတ်မှတ်ပေးလိုက်တယ်” ဟု အမည်မဖော်လိုသူ အဆိုပါ UWSA အရာရှိက ပြောသည်။

ဤသတင်းစကားကို ဧပြီလ ၂၈ ရက်နေ့က ရှမ်းပြည်နယ်အရှေ့မြောက် တန့်ယန်းမြို့၌ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (MAS) အကြီးအကဲ ဗိုလ်ချုပ်ရဲမြင့်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။

တပ်ဖွဲ့ အရွယ်အစား လျှော့ချရန်နှင့် သူတို့အဖွဲ့တွင်းသို့ မြန်မာစစ်သားများ သွတ်သွင်းခြင်းကို စစ်အစိုးရက ပြုလုပ်လိုသည်ဟု အဆိုပါ အရာရှိက ပြောသည်။ ထို့ပြင် စစ်အစိုးရက အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် စစ်တပ်ဖွဲ့များကို အပြည့်အဝ ဦးစီးကွပ်ကဲခွင့်ကိုလည်း ရရှိလိမ့်မည်ဟု ပြောသည်။

တပ်ရင်းတရင်းအတွက် တပ်သားဦးရေ ၃၂၆ သာ ထားရှိစေလိုပြီး ထိုအထဲတွင် မြန်မာစစ်တပ်မှ စစ်သား ၃ဝ ဦးကို ထည့်သွင်းမည်ဟု ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ထိန်းချုပ်ရန် ကြိုးပမ်းမှုတွင် ဤသို့ စစ်အစိုးရ၏ တောင်းဆိုမှုသည် နောက်ဆုံး တောင်းဆိုမှုဖြစ်သည်။ ဧပြီလအတွင်း စစ်အစိုးရက ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အပါအဝင် အပစ်ရပ်အဖွဲ့ အများအပြားကို တွေ့ဆုံခဲ့သည်။

စစ်အစိုးရက ယခုလို ထိန်းချုပ်ထားလိုပြီး သူတို့ကိုယ်တိုင် စီမံခန့်ခွဲလိုကာ၊ တပ်ဖွဲ့ဝင်များကို လစာပေးခြင်းဖြင့်လည်း တာဝန်ယူစေလိုသည်ဟု အဆိုပါ အရာရှိက ပြောသည်။

အဆိုပါ တောင်းဆိုချက်များကို ဗိုလ်ချုပ်ရဲမြင့် ခေါင်းဆောင်သည့် မြန်မာစစ်တပ် ကိုယ်စားလှယ်အဖွဲ့နှင့် ဒုဥက္ကဋ္ဌ ရှောက် မီလျံ ခေါင်းဆောင်သော ဝခေါင်းဆောင်များ တန့်ယန်းမြို့၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အရာရှိက ဆိုသည်။

“ဗိုလ်ချုပ်ရဲမြင့်က လူသစ်စုဆောင်းတဲ့ နေရာမှာ အသက်ကန့်သတ်ချက် လုပ်ဖို့လည်း ပြောတယ်။ အသက် ၁၈ နှစ်က ၅ဝ အထိပဲ လက်ခံရမယ်။ ၅ဝ ကျော်ရင် အနားယူရမယ်လို့ ပြောတယ်” ဟု သူက ဆက်ပြောသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) မှ ခွဲထွက်လာသော UWSA တပ်ဖွဲ့က စစ်အစိုးရ၏ အဆိုပြုချက်များနှင့် စပ်လျဉ်း၍ မဆုံးဖြတ်ရသေးကြောင်းနှင့် ဆွေးနွေးညှိနှိုင်းမှုများ၊ အစည်းအဝေးများ ကျင်းပပြီးမှသာ မကြာခင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောသည်။

“အခုတော့ ဘာမှ ကျနော်တို့ မဆုံးဖြတ်ရသေးဘူး။ ကျနော်တို့ စစ်သားတွေ၊ ပြည်သူတွေအားလုံးနဲ့ ဆွေးနွေးဖို့ အခု စီစဉ်နေပါတယ်။ သူတို့သဘောထားတွေ ယူဖို့နဲ့ သူတို့ဆန္ဒတွေကို မှတ်သားရယူထားဖို့ လိုပါတယ်” ဟု သူက ဆိုသည်။

အဆိုပါ ဝအဖွဲ့ကဲ့သို့ပင် ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် တပ်မတော် (KIO/KIA) ကလည်း ဧပြီလ ၂၈ ရက်နေ့က ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား၌ KIO ခေါင်းဆောင်များနှင့် မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ တွေ့ဆုံစဉ် စစ်အစိုးရဘက်မှ အဆိုပြုတင်ပြချက်များနှင့် စပ်လျဉ်းသည့် သဘောထားများကို တောင်းခံရယူနိုင်ရန် လူထုအစည်းအဝေးကြီးတရပ် ကျင်းပရန် ပြင်ဆင်နေကြောင်း ပြောသည်။

“မေလ ၁ဝ ရက်နေ့ နောက်ပိုင်းမှာ လူထုအစည်းအဝေးတွေ ကျင်းပပါမယ်” ဟု KIO မှ အမည်မဖော်လိုသူ ဗိုလ်မှူးအဆင့်ရှိ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ပြည်သူလူထုနှင့် KIO အဖွဲ့ဝင်များက စစ်အစိုးရ၏ အဆိုပြုချက်များကို သဘောတူဖွယ်မရှိကြောင်း အဆိုပါ ဗိုလ်မှူးက ပြောသည်။ အဆိုပါ သဘောထား တောင်းခံသည့် လူထုအစည်းအဝေးကို တရုတ်-မြန်မာ နယ်စပ်ရှိ KIO ထိန်းချုပ်ထားသောနယ်မြေ လိုင်ဇာတွင် ကျင်းပမည်ဖြစ်သည်။

“စစ်အစိုးရ တောင်းဆိုသမျှသာ လိုက်လျောလိုက်ရင် ကျနော်တို့ လက်နက်ကိုင်တိုက်ပွဲ လုပ်တာ ဘာအ”ိပ္ပာယ် ရှိမှာလဲ။ နှစ်ပေါင်း ၄ဝ ကျော် လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ခဲ့တာလည်း ဘာမှ အ”ိပ္ပာယ် မရှိတော့ဘူး” ဟု ထိုဗိုလ်မှူးက ပြောသည်။

သို့သော် KIO က မည်သို့ဆုံးဖြတ်ဖွယ်ရှိသည် ဆိုသည့်အချက်ကို ပြောကြားရန်မူ သူက ငြင်းဆိုသွားသည်။

အလားတူ အစည်းအဝေးများကို စစ်အစိုးရက ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၊ ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) တို့နှင့်လည်း သီးခြားစီ ပြုလုပ်ခဲ့သည်။

ယခု စစ်အစိုးရ၏ တောင်းဆိုချက်ဖြစ်သော အပစ်ရပ်အဖွဲ့များ အသွင်ပြောင်းလဲ ဖွဲ့စည်း၍ စီမံခန့်ခွဲမှုကို စစ်အစိုးရလက်သို့ လွှဲပြောင်းပေးရန် တောင်းဆိုချက်သည် ယခင်မူလ စီမံကိန်းဖြစ်သော ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် လက်နက်ကိုင်အပစ်ရပ်အဖွဲ့များ လက်နက်ဖြုတ်ရန် တောင်းဆိုချက်နှင့်စာလျှင် တဆင့်နိမ့်နေသည်။

စစ်အင်အားနည်းပါးသော အဖွဲ့များအနေဖြင့်မူ စစ်အစိုးရ၏ ဤတောင်းဆိုချက်ကို ထွက်ပေါက်အနေနှင့် လက်ခံစဉ်းစားနိုင်သည်။

“အင်အားတောင့်တဲ့ အဖွဲ့တွေကတော့ ဒီတောင်းဆိုချက်ကို လိုက်နာမယ်လို့ ကျနော် မထင်ဘူး။ ဒါပေမဲ့ ဒီမိုကရက်တစ် ဗုဒ္ဓဘာသာတပ်မတော် (DKBA) လို အဖွဲ့တွေကတော့ အစကတည်းက စစ်အစိုးရဘက် ရောက်နေပြီးသားဆိုတော့ လိုက်နာဖွယ် ရှိနေပါတယ်” ဟု တရုတ်-မြန်မာ နယ်စပ်ရှိ မြန်မာ့စစ်ရေးနှင့် နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

“အပစ်ရပ်အဖွဲ့တွေ စစ်အစိုးရရဲ့ တောင်းဆိုချက်အတိုင်း လိုက်နာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုပဲ ဒီအဖွဲ့တွေက တခုတည်းထွက်ဖို့၊ တဖွဲ့တည်းအဖြစ် စုပေါင်းရပ်တည်ကြဖို့ ပြင်ဆင်နေကြတယ်” ဟု သူက ဆက်ပြောသည်။


ဗုဒ္ဓဟူးနေ့၊ မေလ 06 2009 17:13 – မြန်မာစံတော်ချိန်

ဆော်လမွန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၀ တွင် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို ခြွင်းချက် သုံးခုဖြင့်


E-mail Print

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၀ တွင် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို ခြွင်းချက် သုံးခုဖြင့် လက်ခံသည်ဟု ယမန်နေ့က သဘောထား ကြေညာချက် ထုတ်ပြန် လိုက်သည်။

ယမန်နေ့က ရွှေဂုံတိုင် ကြေညာစာတမ်း ထုတ်ပြန်သည့် နေရာတွင် တွေ့ရသော အဖွဲ့ချုပ် အဖွဲ့ဝင်များ (ဓာတ်ပုံ- Getty Images)

အဆိုပါ ခြွင်းချက် သုံးခုမှာ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန်၊ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင် အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန် တို့ ဖြစ်သည်။

ထိုအချက်များမှာ ကုလသမဂ္ဂ၊ အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့၊ ဥရောပသမဂ္ဂ စသည့် နိုင်ငံတကာ အင်အားစုက စစ်အစိုးရကို တစိုက်မတ်မတ် တောင်းဆိုထားသည့် အချက်များလည်း ဖြစ်သည်။

ဤသို့ ဆုံးဖြတ်လိုက်ခြင်းမှာ မြန်မာ တပြည်လုံး ကြုံတွေ့နေရသော အခက်အခဲများကြောင့် ဖြစ်သည်ဟု အဖွဲ့ချုပ် ခေါင်းဆောင် တဦး ဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။

“နိုင်ငံရေး အကျဉ်းသားတွေရဲ့ နှစ်ရှည်လများ ဒုက္ခ သုက္ခတွေကို မျှဝေနေတဲ့ မိသားစုတွေ၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးမှာ ခြေကုန် လက်ပန်း ကျနေတဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို မျှော်တွေးပြီးတော့ လက်ကမ်းလိုက်တာ ဖြစ်ပါတယ်” ဟု ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောသည်။

အဖွဲ့ချုပ်သည် အာဏာပိုင်များက ပြုလုပ်ပေးသည့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် နိုင်ခဲ့သည့် နိုင်ငံရေးပါတီ ဖြစ်သည်။ အစိုးရက အဆိုပါ ရလဒ်ကို အကောင်အထည် မဖော်ဘဲ ရွေးကောက်ပွဲတခု ပြုလုပ်ပါက အဖွဲ့ချုပ် အနေဖြင့် လက်မခံနိုင်ကြောင်း ယခင်က ကြေညာထားသည်။

ယမန်နေ့က ထုတ်ပြန်သည့် စာမျက်နှာ ၃ မျက်နှာပါ ရွှေဂုံတိုင် ကြေညာစာတမ်းသည် အနယ်နယ် အရပ်ရပ်မှ အဖွဲ့ချုပ် ကိုယ်စားလှယ်များ ရန်ကုန်တွင် အထူး အစည်းအဝေး ပြုလုပ်ခဲ့ရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထွက်ပေါ်လာမည့် အဖြေကို သိလိုသဖြင့် အာဏာပိုင်များကပင် အဆိုပါ အစည်းအဝေးကို ဖြစ်မြောက်စေလိုသည် ဟု အကဲခတ်များက သုံးသပ်ကြသည်။ အထူး အစည်းအဝေးသို့ သွားရောက်မည့်သူများကို ကန့်သတ်ပိတ်ပင်၊ ဖမ်းဆီးခြင်း မပြုခဲ့သည့် အချက်ကို ၎င်းတို့က ထောက်ပြကြသည်။

ကြေညာစာတမ်းတွင် ပါရှိသော အဖွဲ့ချုပ်၏ ရပ်တည်ချက်များမှာ မှန်ကန်သည်ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

“အရင်တုန်းကတော့ အဖွဲ့ချုပ်ဟာ ပါတီ ရှင်သန်ရေး၊ ပါတီရှိမှ ဒီမိုကရေစီရေး အတွက် ဆောင်ရွက်လို့ရမယ် လို့ ဒီလိုပဲ ရပ်တည်ခဲ့တယ်။ ဒါပေမယ့် ဦးဝင်းတင်တို့ မလွတ်ခင် ပါတီ ရှင်သန်ရေးထက် ပါတီရဲ့ အခြေခံမူတွေကို ဆုပ်ကိုင်ရေးဘက်ကို ပြောင်းလဲလာပါတယ်။ အခုလည်း ဒီအတိုင်း ရပ်တည်နေပါတယ်။ ဒါကို အကြိုက်ဆုံးပဲ” ဟု ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။

သို့သော်လည်း အာဏာပိုင်တို့နှင့် ညှိနှိုင်းသည့် အခြေအနေသို့ ရောက်လာပါက အလျှော့ပေးရဦးမည်ဟု ဦးအေးသာအောင်က သုံးသပ်သည်။

“တပ်နဲ့ လက်တွဲရမယ်၊ အပေးအယူ လုပ်ရမယ်၊ ကိုယ့်ဘက်က များများ ပေးရမယ်” ဟု ဦးအေးသာအောင်က ပြောသည်။

ရွှေဂုံတိုင် ကြေညာစာတမ်းသည် အဖွဲ့ချုပ် အဖွဲ့ဝင်များအတွက် အလုပ်လမ်းညွှန်တခု ဖြစ်လာကြောင်း၊ ဒီမိုကရေစီ လိုလားသူများ၏ ပူးပေါင်းဆောင်ရွက်မှု ပိုမို ရလာဖွယ်ရှိကြောင်း ပြည်ပရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီက ယူဆနေသည်။

သို့သော်လည်း အဖွဲ့ချုပ်၏ တောင်းဆိုချက်တခုဖြစ်သည့် အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေးကိုမူ စစ်အစိုးရက သဘောတူနိုင်မည်ဟု မယူဆကြောင်း လူ့ဘောင်သစ်ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုငွေလင်းက ဧရာဝတီကို ပြောပြသည်။

အဖွဲ့ချုပ်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြုလုပ်သည့် အထူး အစည်းအဝေးတွင် ဆွေးနွေးကြရာ အခြေခံ ဥပဒေရှိ အငြင်းပွားဖွယ်ရာ အချက် ၁၂ ချက် ကို ပြင်ဆင်ရန် ထောက်ပြထားသည်။ ယင်းသို့ ထောက်ပြချက်များအနက် နိုင်ငံရေးတွင် တပ်မတော်၏ ဦးဆောင်မှု၊ လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်မှု စသည့် အချက်များ ပါဝင်သည်။

“အခြေခံ ဥပဒေကို လူထု ၉၂.၄၈ ရာခိုင်နှုန်းက အတည်ပြုထားတယ်၊ ပြန်ပြင်ရင် လူထုကို မလေးစားရာကျတယ် လို့ စစ်အစိုးရက ပြောထားတယ်။ လိုက်လျောမှာ မဟုတ်ဘူး။ အခုအတိုင်းကတော့ ဖြစ်နိုင်ချေ နည်းတယ်” ဟု ကိုငွေလင်းက ပြောသည်။

လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ဆိုသော်လည်း အဖွဲ့ချုပ်က ကိုင်စွဲထားသည့် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်ပြီးလည်း ရွှေဂုံတိုင် ကြေညာစာတမ်းတွင် အကြိမ်ကြိမ် ဖော်ပြထားသည်။

“ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၃) နှင့်အညီ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး စီစဉ် ဆောင်ရွက်ရန်” ဟု စစ်အစိုးရကို တိုက်တွန်းထားသည်။

အထူး အစည်းအဝေးကို အဖွဲ့ချုပ်၊ ဌာနချုပ်ရုံး တည်ရှိရာ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ အနောက် ရွှေဂုံတိုင်လမ်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သောကြောင့် ထုတ်ပြန်ချက်ကို “ရွှေဂုံတိုင် ကြေညာစာတမ်း”ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။

ရွှေဂုံတိုင် ကြေညာစာတမ်းတွင် ဖော်ပြထားချက်များအရ အဖွဲ့ချုပ်၏ လှုပ်ရှားမှုများ လက်တွေ့ကျလာသည်ဟု ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး မြန်မာ့ နိုင်ငံရေးကို လေ့လာ အကဲခတ်နေသော ကိုဝင်းမင်းက သုံးသပ်လိုက်သည်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ စပြောလာပြီ။ အရင်ကဆိုရင် ရွေးကောက်ပွဲအကြောင်း သူတို့ မပြောဘူး။ အခု သူတို့ဆီမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သေနင်္ဂဗျူဟာ စရှိလာပြီ၊ လက်တွေ့ကျလာပြီလို့ ပြောလို့ရတာပေါ့” ဟု ကိုဝင်းမင်းက ပြောသည်။

တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီး ဖော်ပြထားသဖြင့် ပြည့်စုံသည့် ထုတ်ပြန်ချက် တခု ဖြစ်သည်ဟု ကိုဝင်းမင်းက သုံးသပ်သည်။

Thursday, 30 April 2009 18:55 ဇာနည်ဝင်း

ခေတ်ပြိုင်/ ၆ မေ ၂၀၀၉

အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် နအဖပြော “ဝ” တပ်ဖွဲ့ များမကြေမနပ်ဖြစ်နေ

ခေတ်ပြိုင်/ ၆ မေ ၂၀၀၉
တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ နအဖနှင့်အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် နအဖစစ်ဘက်အရာရှိများက ဧပြီ (၂၈) တွင် သီးခြားစီတွေ့ဆုံခဲ့ရာ အင်အားအဆမတန်လျှော့ချခံရမည့် ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) က မကျေမနပ်ဖြစ်နေသည်။

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် စစ်ဘက်ရေးရာအရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်က ၀ခေါင်းဆောင်များအား ခေါ်ယူတွေ့ဆုံပြီး ၀ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန်နှင့် အင်အား (၃) ထောင်အထိ လျှော့ချပြီး နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် ပြောဆိုမှုအပေါ် ၀ခေါင်းဆောင်များ အနေဖြင့် လက်ခံမည်မဟုတ်ကြောင်း ၀တပ်မှူးတဦးက ပြောသည်၊

၎င်းက “အင်အား (၂) သောင်းကျော် (၃) သောင်းလောက်အထိရှိတဲ့ ဒီတပ်မတော်ကြီးကို သွေးတွေ၊ ချွေးတွေနဲ့ နှစ် (၃၀) ကျော်ကြာ တည်ဆောက်ထားခဲ့တာဗျ။ (၃) ထောင်သာချန်ပြီး ပြည်သူ့စစ်လိုလုပ်မယ့်အပေါ်တော့ လက်မခံနိုင်ဘူး။ ကျနော်တို့ ၀ပြည်နယ် ပြည်သူ့အစိုးရက လက်ခံမှာ မဟုတ်ဘူး။ အခုထိ ကျနော်တို့ ဗဟိုကော်မတီ တွေလည်း အကြောင်းမပြန်သေးပါဘူး” ဟု ၎င်းက ပြောသည်။

ဝတပ်မဟာ (၁၇၁) အခြေစိုက်ရာ ၀ပြည်တောင်ပိုင်းနယ်မြေကိုလည်း ၀ဒေသအတွင်း မထည့်ဘဲ ခွဲထုတ်လိုက်သည့် အပေါ် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က လက်ခံမည်မဟုတ်ကြောင်း အဆိုပါ ၀တပ်မှူးက ပြောသည်။

၎င်းက “အခုက ကျနော်တို့ကို ကေအန်ယူကို သွေးခွဲသလိုမျိုး လုပ်နေတာ။ (၁၇၁) ဆိုတာ ကျနော်တို့တပ်မဟာပဲ။ ဗဟိုတခုတည်း ရှိပါတယ်။ ကျနော်တို့အနေနဲ့ အလံနှစ်လက်ကိုင်ထားတယ်။ ပထမအလံက ငြိမ်းချမ်းရေးပဲ။ ဒုတိယကတော့ ၀ပြည်ကို ကာကွယ်ရေးပဲ။ ကျနော်တို့က သူတို့ကို အရင်စမတိုက်ဘူး။ ဒါပေမယ့် ကိုယ့်နယ်မြေကို ထိပါးလာရင် ခုခံကာကွယ်ပိုင်ခွင့်ဟာ ကျနော်တို့အခွင့်အရေးပဲ” ဟု ဆက်လက်ပြောသည်။

အလားတူ ကိုးကန့်အဖွဲ့၊ ရှမ်းပြည်အရှေ့ပိုင်းအထူးဒေသ (၄)၊ ဦးစိုင်းလင်း ဦးဆောင်သည့် မိုင်းလားအဖွဲ့၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့၊ ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော်နှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ များအား ကျိုင်းတုံ၊ တန်ယန်း၊ မြစ်ကြီးနားတို့တွင် စစ်တိုင်မှူးများနှင့် စစ်ဘက်အရာရှိများက ဧပြီ (၂၈) ရက်၌ သီးခြားစီ ခေါ်ယူတွေ့ဆုံပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ပြောဆိုခဲ့သည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ဥက္ကဋ္ဌ ဦးဇောင်းဟရား ဦးဆောင်သည့်အဖွဲ့နှင့် မပခတိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းတို့ မေ (၂၈) ရက်၌ မြစ်ကြီးနားတွင် တွေ့ဆုံခဲ့ပြီး ၎င်းတို့အနေဖြင့် မေလကုန်ပိုင်းတွင် မြစ်ကြီးနားသို့ ကိုယ်စားလှယ်လွှတ်ကာ ထပ်မံဆွေးနွေးရန် ရှိကြောင်း ကေအိုင်အို ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂွမ်မော်က ပြောဆိုပြီး အသေးစိတ်ပြောဆိုရန်ကိုမူ ငြင်းဆိုသည်။

“တပ်မတော်အစိုးရအနေနဲ့ နောင်တက်လာမယ့် အရပ်သားအစိုးရကို ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ရှင်းပြဖို့၊ လိုအပ်တဲ့ဟာ ဆောင်ရွက်ဖို့ သူတို့မှာ တာဝန်ရှိပါတယ်။ ဥပမာ လက်နက်ကိုင်အဖွဲ့တွေကို ဘယ်လိုထားမယ်၊ ဘယ်လိုဖွဲ့စည်းမယ်ဆိုတာကို စဉ်စားဖို့လိုတယ်လို့ ပြောတာပါ။ ဆွေးနွေးတဲ့အဆင့်ထိ မရောက် ပါဘူး။ မေလနောက်ဆုံး၊ မေလမကုန်မီမှာ ဆွေးနွေးတဲ့ခါ ဒါတွေဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့အနေနဲ့ ဒါကို လေးလေးနက်နက် ဆွေးနွေးသွားမှာပါ” ဟု ဗိုလ်မှူးကြီး ဂွမ်မော်က ပြောသည်။

၁၉၈၉ ခု မတ်လတွင် ကိုးကန့်တိုင်းရင်းသားများက ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး အပစ်ခတ် ရပ်စဲရေး စတင်ပြုလုပ်ချိန်မှစ၍ တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆက်တိုက် ဆိုသလို စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးပြုလုပ်ကာ ဒေသအတွင်း လက်နက်ကိုင်ဆောင်ပြီး တပ်ဖွဲ့အဖြစ် ရပ်တည်ခွင့်၊ စီးပွားရေးလုပ်ခွင့်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ခွင့် ရရှိခဲ့ကြသည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့် အမျှ

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့် အမျှ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအဖို့ ပို၍ ဂနာမငြိမ် စိုးရိမ်ဖွယ် ဖြစ်လာသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းက အမှန်တကယ် ငြိမ်းချမ်းရေး မဟုတ်သော်လည်း တိုင်းရင်းသားများ နေထိုင်ရာ ဒေသများတွင် အပစ် အခတ် ရပ်စဲပြီး၊ တစုံတရာ တည်ငြိမ်မှု ရှိခဲ့သည်။ တချိန်က မြန်မာ စစ်အစိုးရကို လက်နက် စွဲကိုင် တိုက်ခိုက်ခဲ့ကြသည့် တိုင်းရင်းသား အဖွဲ့ အများစုက အပစ်အခတ် ရပ်စဲခဲ့ကြပြီ ဖြစ်ပြီး၊ အဖွဲ့ အနည်းစုသာ ဆက်လက်၍ တိုက်ပွဲဝင်နေကြသည်။ အပစ်ရပ် အဖွဲ့များက လက်နက် ဆက်လက် ကိုင်စွဲ ထားသော်လည်း၊ တိုက်လို ခိုက်လိုစိတ် နည်းပါးနေပြီကို တွေ့ကြရပြန်သည်။

ပုံကြီးကြည့်ရန် ဤနေရာကိုနှိပ်ပါ

လာမည့်နှစ် တချိန်ချိန်တွင် ရွေးကောက်ပွဲ ကျင်းပရန် ရည်ရွယ်ထားသည်နှင့် အညီ၊ ပိုနေမြဲ ကျားနေမြဲ အခြေအနေ အတိုင်း ဆက်လက် နေထိုင်ရန် မဖြစ်နိုင်ကြတော့ပါ။ မတည်ငြိမ်မှုများ ဖြစ်လာနိုင်သည့် အလားအလာနှင့် တိုး၍ ရင်ဆိုင် နေကြရသည်။ စစ်အစိုးရက ၎င်း၏ တချိန်က ရန်သူများကို နိုင်ငံရေး ပါတီများ ဖွဲ့ရန်၊ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရန် တိုက်တွန်းနေသည်။ တချို့ အဖွဲ့များကလည်း စိတ် မတက် မကြွ တုံ့ပြန်ကြပြီး၊ အချို့ကလည်း ဖိအားကို တုံ့ပြန် ရင်ဆိုင်ရန်အတွက် ပြင်ဆင်နေကြသည်။

တရုတ်နိုင်ငံနှင့် နယ်စပ်ကပ်လျက်ရှိသော မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသမှ ကချင်၊ ကိုးကန့်၊ ၀ အဖွဲ့များက စစ်အစိုးရ၏ တောင်းဆိုချက်များကို အမျိုးမျိုး တုံ့ပြန်ခဲ့ကြသည်။ ကချင် လက်နက်ကိုင် အဖွဲ့များက အရံ ပါတီ တခုကို ဖွဲ့၍ ရွေးကောက်ပွဲဝင်ရန် စီစဉ်နေကြချိန်တွင်၊ ကိုးကန့်အဖွဲ့က ကျေးဇူးတင်သည်ဟု ဆိုခဲ့ကြသည်။ သို့သော်လည်း အမှန် တကယ် ကျေးဇူးတင်ခြင်း ဟုတ်ချင်မှ ဟုတ်ပေမည်။ နေပြည်တော်ရှိ မြန်မာ စစ်ဗိုလ်ချုပ်များ မျက်နှာ မညိုစေချင် သောကြောင့်သာ ဖြစ်ပါ လိမ့်မည်။

အခြားတဘက်တွင်မူ ၀အဖွဲ့က စစ်အစိုးရ၏ ရွေးကောက်ပွဲ အစီအစဉ်ကို ပို၍ ပြောင်ပြောင် တင်းတင်း ဆန့်ကျင်၍ ရပ်တည်နေသည်။ စစ်အစိုးရက ရန်လို စစ်ဖြစ်နေရမှုများ အဆုံးသတ် နိဂုံးချုပ်စေရေး အတွက် ရွေးကောက်ပွဲဖြင့် လုပ်ဆောင်နိုင်မည် ဟု ယူဆနေသော်လည်း ၀ တပ်ဖွဲ့က အလားတူ ယူဆခြင်း မရှိပေ။

ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တွင် စစ်သည်အင်အား နှစ်သောင်း ၀န်းကျင် ရှိသည်။ UWSA သည်
ဗမာ လူမျိုး အများစု ကြီးစိုး ချယ်လှယ်ခဲ့သည့် ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) မှ ခွဲထွက်ကာ ပြာပုံမှနေ၍ လွန်ခဲ့သည့် အနှစ် ၂၀ ခန့်က ပြန်လည် ထူထောင်ခဲ့ခြင်းဖြစ်သည်။ ဗကပ ထံမှ ခွဲထွက်ပြီး များမကြာမီပင် အပစ် အခတ် ရပ်စဲ ရေး သဘောတူညီချက်ကို ယခင်က စစ်ထောက်လှမ်းရေးမှူးချုပ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် လက်မှတ် ရေးထိုးလိုက်သည်။ ဗိုလ်ချုပ်ခင်ညွန့်သည်၂၀၀၄ ခုနှစ်တွင် စစ်အစိုးရ အတွင်း သဘောထားကွဲလွဲမှုများ ပေါ်လာပြီးသည့်နောက်တွင် ဖယ်ရှားဖြုတ်ချခံရသူ ဖြစ်သည်။ ထိုအချိန်မှစ၍ မြန်မာစစ် အစိုးရနှင့် ၀တပ်ဖွဲ့ ဆက်ဆံရေး အေးစက်လာပြီး၊ အဖုအထစ်များ ရှိလာသည်။

မကြာသေးမီ ကာလ အတွင်း ဤတင်းမာမှုများ ပို၍ ပြင်းထန်လာသည်။ ၀တပ်ဖွဲ့များ စစ်ပြန်ခင်းကြတော့မည်လော ဟု စိုးရိမ်ဖွယ် သတင်းများလည်း ပေါ်ထွက်လာသည်။ သို့သော်လည်း ၀ ပြည် နှင့် နယ်စပ်ကပ်လျက်ရှိသော ယူနန် ပြည်နယ်ရှိ တရုတ် အရာရှိများ၏ အဆိုအရ သူတို့က နှစ်ဘက်စလုံးမှ စိုးရိမ်မှုများ ပြေလျော့လာစေရန် ကြိုးပမ်း လုပ်ဆောင် နေကြသည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ ပို၍ တောင်ပိုင်းကျသော နေရာများတွင် အခြေ အနေက ပို၍ ထွေပြားနေသည်။ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၏ အခြေ အနေပေါ် မူတည်၍ အမျိုးမျိုး အဖုံဖုံ ဖြစ်နေကြသည်။

အပစ်ရပ်ခြင်း မရှိသေးသော ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (SSA) က ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်း ကျင်းပခဲ့သည့် ရှမ်းပြည်နယ်နေ့ အခမ်း အနားတွင် ရွေးကောက်ပွဲကို ဆန့်ကျင်၍ ပြောဆိုလိုက်သည်။ ထိုင်းနိုင်ငံက မြန်မာ စစ်အစိုးရ ကိုယ်စား ကြားဝင် ဆောင်ရွက်ပေးမည် ဆိုသော်လည်း SSA ၏ ရပ်တည်ချက် ပြောင်းသွားဖွယ် မရှိပါ။ မူးယစ်ဆေးဝါး ထုတ်လုပ်နေသည့် ၀တပ်ဖွဲ့များနှင့် ထိုင်းနိုင်ငံ အကြား ဤ SSA အဖွဲ့က ကြားခံ အနေဖြင့် ရပ်တည်ပေးနေသောကြောင့် ထိုင်းတို့က တည်ငြိမ်ရေးကို လိုလားနေသည်။

ကရင် အမျိုးသား အစည်းအရုံး (KNU) ကလည်း ရွေးကောက်ပွဲကို အတုအယောင်ဟု ရှုတ်ချ ပြောဆိုခဲ့သေးသည်။
KNU သည် စစ်အစိုးရကို ဆက်လက် တိုက်ပွဲဝင်နေဆဲ ဖြစ်သော အင်အား အကြီးဆုံး လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။ သို့သော်လည်း KNU အဖွဲ့ မှာ တစတစ ပြိုကွဲနေသည်။ နှစ်ပေါင်း ၆၀ ကျော်ကြာ ၎င်းတို့၏ လက်နက်ကိုင် တော်လှန်ရေး အဆုံးသတ်စေရန် ထိုင်းနိုင်ငံ၏ ဖိအားပေးမှုများကိုလည်း တိုး၍ ကြုံတွေ့နေရသည်။

မွန်သူပုန်များက ရွေးကောက်ပွဲ ကျင်းပမည့် ကိစ္စနှင့် ကင်းကင်းရှင်းရှင်း နေသော်လည်း၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ် တိုးတက်မှုများကိုမူ အနီးကပ် လေ့လာအကဲ ခတ်နေသည်။ မွန်သူပုန်များသည် စစ် အစိုးရနှင့် ၁၉၉၆ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်၊ ထိုင်းနိုင်ငံမှ ထောက်ပံ့ရေးပစ္စည်းများ၊ အခြား လက်နက် ခဲယမ်းများ မှီခိုနေရဆဲ ဖြစ်သည်။

စိတ်ပျက် မွန်းကျပ်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ အတွက် ရွေးကောက်ပွဲက မည်သို့ မည်ပုံ ကြမ္မာ ဖန်လာမည်ကို အတိအကျ ပုံဖော်၍ မရနိုင်သေးပေ။ သို့သော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းကို ပြင်ဆင်ရန် ကြံစည်ထားသည့် စစ်အစိုးရ၏ ရည်ရွယ်ချက်ကြီးလှသည့် အစီအစဉ်ကြောင့် ရှိနေပြီးသား မကျေနပ် နာကြည်းစိတ်များ အနည်ထလာနိုင်သည်။ မြန်မာနိုင်ငံ နယ်စပ်တရိုး မကြုံစဖူး တည်ငြိမ်နေသည့် ကာလတခုသည်လည်း အကြီးအကျယ် ပြောင်းလဲလာဖွယ် ရှိနေပါတော့သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ

ကချင် လွတ်လပ်ရေး တပ်မတော် KIA (Kachin Independence Army)
၁၉၉၃ ခုနှစ်၊ အောက်တိုဘာလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား (လက်နက်ကိုင် စစ်သား)။ ၄၀၀၀ မှ ၅၀၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ပါ။

ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA (United Wa State Army)
၁၉၈၉ ခုနှစ်၊ ဧပြီလတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား (လက်နက်ကိုင် စစ်သား)။ ၃၀၆၀၀ (အငြိမ်းစားယူထားသူများ အပါအ၀င်)
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ရွေးကောက်ပွဲကို သပိတ်မှောက်မည်။

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S (Shan State Army -South)
အပစ်အခတ် ရပ်စဲခြင်း မရှိသေးပါ။
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ရွေးကောက်ပွဲကို သပိတ်မှောက်မည်။

ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) KNU (Karen National Union)
အပစ်အခတ် ရပ်စဲခြင်း မရှိသေးပါ။
လက်ရှိအင်အား ။ ၃၀၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ရွေးကောက်ပွဲကို သပိတ်မှောက်မည်။

မွန်ပြည်သစ်ပါတီ NMSP (New Mon State Party)
၁၉၉၅ ခုနှစ်၊ ဇွန်လတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား ။ ၇၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ပါ။

ဒီမိုကရေစီသစ် တပ်မတော် (ကချင်) NDA-K (New Democratic Army-Kachin)
၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား ။ ၅၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ၀င်ရောက်ယှဉ်ပြိုင်မည်။

ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် PSLA (Palaung State Liberation Army)
၁၉၉၁ ခုနှစ်၊ ဧပြီလတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား ။ မြန်မာ စစ်အစိုးရထံ လက်နက်ချပြီး၊ လက်နက်ဖြုတ်သိမ်းထားသည်။
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိ သဘောထား။ ၀င်ရောက်ယှဉ်ပြိုင်မည်။

ကချင် ကာကွယ်ရေး တပ်မတော် KDA (Kachin Defence Army)
၁၉၉၁ ခုနှစ်၊ ဇန်န၀ါရီလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား ။ ၈၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိ သဘောထား။ မဆုံးဖြတ်ရသေး။

မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်များ တပ်မတော် MNDAA (Myanmar National Democracy Alliance Army)
၁၉၈၉ ခုနှစ်၊ မတ်လတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား။ ၆၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ၀င်ရောက် ယှဉ်ပြိုင်မည် မဟုတ်ပါ။

အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် NDAA (National Democratic Alliance Army)
၁၉၈၉ ခုနှစ်၊ ဇွန်လတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား။ ၁၂၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ပါ။

ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSA-N (Shan State Army-North)
၁၉၈၉ ခုနှစ်၊ စက်တင်ဘာလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား။ ၁,၄၀၀

ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် (ပီအန်အို) Pa-O National Organization (PNO)
၁၉၉၁ ခုနှစ်၊ ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား ။ ၈၀၀

ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ) SNPLO (Shan Nationalities People Liberation Organization)
၁၉၉၄ ခုနှစ်၊ အောက်တိုဘာလတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား။ ၂၅၀

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ) KNPLF (Karenni Nationalities People Liberation Front)
၁၉၉၄ ခုနှစ်၊ မေလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။

ကယန်းပြည်သစ်ပါတီ KNLP (Kayan New Land Party)
၁၉၉၄ ခုနှစ်၊ ဇူလိုင်လတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) KNPP (Karenni National Progressive Party)
အပစ်အခတ် ရပ်စဲရေး မပြုရသေး။
လက်ရှိအင်အား ။ ၈၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ရွေးကောက်ပွဲကို သပိတ်မှောက်မည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) DKBA (Democratic Karen Buddhist Army)
၁၉၉၅ ခုနှစ်၊ ဇန်န၀ါရီလတွင် အပစ်အခတ်ာရပ်စဲရေး သဘောတူညီခဲ့သည်။

* အချက်အလက်၊ ကိန်းဂဏန်းများကို (နအဖ) စစ်အစိုးရ၊ တိုင်းရင်းသား အင်အားစုများနှင့် ဧရာဝတီ သတင်းဌာန၏ ရင်းမြစ်များမှ ရယူပါသည်။

ဧရာဝတီအဖွဲ့သားများ ရေးသားသည့် To Fight or Not to Fight ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

POST BY – – YELLOW BREEZE